ရွှေကူမြို့အနီး မြောက်ရွာမှာ စစ်ကောင်စီတပ် ရွာမီးရှို့နေပြီး အသွားအလာ ပြည်သူတွေကိုလည်း ဖမ်းဆီးနေ
4 March 2024 – Kachimwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ဒီကနေ့မွန်းလွဲ ၂ နာရီကစပြီး စစ်တပ်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းနဲ့ အရပ်သားတွေကို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ရွှေကူမြို့အောက်ဘက်၊ မြို့နဲ့တစ်ဆက်တည်းမှာရှိတဲ့ မြောက်ရွာကို မီးရှို့နေတာဖြစ်ပြီး သတင်းမေးတဲ့အချိန် ၂ နာရီခွဲထိ အရပ်သားနေအိမ် ၄ လုံး မီးရှို့ခံထားရတယ်လို့ မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“မြောက်ရွာကို မီးရှို့နေတာ။ ၄ အိမ်လောင်ပြီ။ ခုလေးတင်ပဲ။ ရွှေကူနဲ့ ကပ်ရပ်ရွာလေး။ အောက်ဘက် မြစ်ကမ်းဘေးနားပဲ”
မီးရှို့ခံရတဲ့နေရာအနီး ဖြတ်သန်းသွားလာတဲ့ အရပ်သားတွေနဲ့ မြို့အပြင်လယ်တဲမှာ နေတဲ့သူတွေကို ဖမ်းဆီးနေပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရတဲ့အရပ်သား ၅၀ ဝန်းကျင်လောက်ရှိတယ်လို့ ရွှေကူဒေသခံတစ်ဦးက ပြောပါတယ်။
မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ အရပ်သားဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ ပက်သက်ပြီး နောက်ဆက်တွဲ အခြေအနေကို သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မနေ့ညကလည်း အမှတ် ၁ ခုံခမ်းရပ်ကွက်အထက်ကနေ လက်နက်ကြီးပစ်ခတ်သံ အချက် ၂၀ လောက်ကြားရပြီး မနက်ပိုင်းမှာ ရွှေကူမြို့အထက်ဘက်ကို စစ်ကား ၂ စီးနဲ့ စစ်ကြောင်းထိုးတယ်လို့ ရွှေကူဒေသခံက ဆိုပါတယ်။
“ရပ်ကွက် ၁ ထိပ်နားက နှစ်နေရာပစ်တာ။ တစ်ညလုံးပဲ။ မနက် ၁၀ ခွဲလောက်ကျတော့ စစ်ကား ၂ စီးအထက်ဘက်တက်လာတယ်။ ဆယ်မိနစ်လောက်နေတော့ ကားတွေပြန်သွားတယ်။ လူတွေမပါတော့ဘူး။”
စစ်ကောင်စီစစ်ကြောင်းထိုးသွားတဲ့ ရွှေကူအထက်ဘက်မှာ KIA၊ KPDF ဘက်က အထိုင်ချထားတဲ့နေရာရှိပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း ရွှေကူအထက် လေးလမ်းဆုံနေရာမှာ စစ်ကောင်စီနဲ့ KIA၊ KPDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ရွှေကူမြို့နယ်အတွင်းက မြို့လှမြို့ တပ်စခန်းနဲ့ ကျောက်ကြီးကျေးရွာက ရဲစခန်းတွေကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်ကောင်စီက စခန်းစွန့်ခွာပြီးနောက်ပိုင်း ရွှေကူမြို့ကို ခံစစ်အနေနဲ့ ပြင်ဆင်နေတဲ့အကြောင်းကိုလည်း ကြားသိထားရပါတယ်။