ဖားကန့်မြို့မှာ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး လူနေရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲ
4 March 2024 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့ လူနေရပ်ကွက်ထဲမှာ ဒီမနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မှော်ဝမ်းရပ်ကွက်၊ ကျေးဇူးတော်ဘော်ဒါဆောင်ရှေ့က လူနေအိမ်ထဲ လက်နက်ကြီးပေါက်ကွဲခဲ့တာဖြစ်ပြီး လက်နက်ကြီးသံအပြင် သေနတ်ပစ်ခတ်သံတွေလည်း ကြားလိုက်ရတယ်လို့ ဖားကန့်မှာနေတဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“နောက်ထပ်လည်း ကွဲသေးတယ်။ အဲ့နောက် သေနတ်သံတွေလည်း မြည်တယ်။ ခုတော့ငြိမ်သွားပြီ”
မှော်ဝမ်းမှာပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးသံအပြင် အခြားနေရာကနေလည်း လက်နက်ကြီးပေါက်ကွဲသံ ၃၊ ၄ ကြိမ်လောက် ထွက်ပေါ်ခဲ့သေးတယ်လို့ သူကဆိုပါတယ်။
သေနတ်သံနဲ့ လက်နက်ကြီးပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့တဲ့ ဖားကန့်စစ်တပ်ကုန်းဟာ မှော်ဝမ်းရပ်ကွက်နဲ့ ငှက်ပျောတောရပ်ကွက်ကြား တည်ရှိပါတယ်။
တာမခန်စခန်းကုန်းသိမ်းတိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီး ဖားကန့်ဒေသမှာ လက်နက်ကြီးသံတွေ ဆူညံနေတာဖြစ်ပါတယ်။
မတ်လ ၁ ရက်နေ့ကလည်း ဖားကန့်၊ ဆိုင်းတောင်ကျေးရွာက ကျောက်ဝိုင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ရှောင်မိသားစု ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း ဖားကန့်မြို့ထဲကနေရာ ၂ နေရာမှာ လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့ပါတယ်။