ကံထူးမ ရဲစခန်းမှ အချုပ်သား ၂ ဦးအပါ ပြည်သူ ၁၁ ဦးအား စစ်ကောင်စီတပ်က လူမဆန်စွာသတ်ဖြတ်ခဲ့
3 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အနောက်ခြမ်း ကံထူးမစံပြကျေးရွာရဲစခန်းအား ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ်က အချုပ်သား ၂ ဦးအပါအဝင် ပြည်သူ ၁၁ ဦးအား အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်ခဲ့ကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ သတင်းပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
Kachinwaves ရရှိထားသည့် ဓါတ်ပုံများတွင်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းများအား လူမဆန်စွာ ခုတ်ဖြတ်ခံထားရသည်ကို တွေ့ရသည်။ ၎င်းရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးထားခဲ့သည်ဟု သိရသည်။
ရဲစခန်းဖျက်ဆီးခံရပြီးနောက် ရေဦးနယ်မှ ဝင်ရောက်လာသည့် ခလရ (၁၁)၊ ခမရ (၇၀၈) ခွေးဘီလူးစစ်ကြောင်းနှင့် ကန့်ဘလူနယ်မှ ဝင်ရောက်လာသည့် ဝါသဝပျူစစ်ကြောင်းတို့ ပေါင်းပြီး တန့်ဆည်အနောက်ခြမ်း ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည်။
အရပ်သားပြည်သူများကိုလည်း ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ပြုလုပ်ခြင်းနှင့် PDF ခေါင်းစဉ်တပ်ကာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဆူးပါကူးကျေးရွာမှ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးအား လည်လှီးသတ်ဖြတ်ခဲ့ကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့တွင်လည်း ဝရငယ်ကျေးရွာမှ အသက် (၇၀) နှစ်အရွယ် အဖိုးအိုတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရွေ၊ ငွေများယူဆောင်ကာ ခနောရွာသစ်ကျေးရွာမှလည်း အသက် ၅၀ နှစ်ကျော်အရွယ် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံတစ်ဦးနှင့် ရပ်ကျေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံတစ်ဦးတို့အား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ အင်ပင်အိုက်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် အမျိုးသား (၁) ဦး၊ ဇီးပေါက်တောကျေးရွာမှ အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသား (၂) ဦး၊ ပန်းထိမ်ကုန်းကျေးရွာမှ အသက် ၃၄ နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ရှိခဲ့ကြောင်း ထပ်သိရသည်။
မတ်လ ၁ ရက်နေ့တွင် ကံထူးမရဲစခန်း၌ ချုပ်နှောင်ခံထားရသော အသက် ၃၀ နှစ်အရွယ်နှင့် အသက် ၄၀ နှစ်အရွယ် အမျိုးသား (၂) ဦးတို့အား အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်သွားခဲ့သည်ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ခနောရွာသစ်က ရပ်ကျေး ပကဖ နဲ့ ပအဖ တာဝန်ခံနှစ်ဦးကလွှဲလို့ ကျန်တဲ့ကိုးဦးက သာမှန်လက်လုပ်လက်စား ပြည်သူတွေပါ။ ဒါကို PDF ဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ ရက်ရက်စက်စက် သတ်ခဲ့တာပါ။”ဟု ဆိုသည်။
စစ်တပ်ဝါဒဖြန့် တကယ်လီဂရမ်ချန်နယ်တွင် PDF ၁၁ ဦးအား ဘီလူးကွန်မန်ဒိုစစ်ကြောင်းက သတ်ဖြတ်ခဲ့သည်ဟု ဝါဒဖြန့်ထားသည်။
ကံထူးမရဲစခန်း တိုက်ခိုက်ခံရပြီးနောက် တန်ဆည်အနောက်ခြမ်းရှိ ကံထူးမ၊ သပြေရင်း၊ ကော်တက်၊ ဖိုနှုတ်၊ ရွာသစ်ကုန်း၊ ခနောရွာသစ် စသည့်ရွာခြောက်ရွာအား စစ်ကောင်စီတပ်ဘက်မှ မီးရှို့ဖျက်ဆီးခဲ့သည်။
လက်ရှိတွင် အကြမ်းဖက်မှုများကျူးလွန်ခဲ့သည့် ၎င်းစစ်ကောင်စီတပ်များမှာ ယနေ့နေ့ခင်းပိုင်းမှစတင်ကာ တန့်ဆည်မြို့တွင်းသို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ကျေးရွာများကိုပတ်ကာ မီးရှို့နေသည့် အဆိုပါစစ်ကြောင်းအား တော်လှန်ရေးဘက်မှ လိုက်လံတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဘက်မှ အယောက် ၄၀ နီးပါးသေဆုံးကာ တော်လှန်ရေးအင်အားစုဘက်မှ ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။