စကစ ၏ မဂျီဂုံစစ်ဗျူဟာကုန်းရှိ စခန်း ၃ ခုလုံးအား တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့
3 March 2024 – Kachinwaves
KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်နေသည့် မံစီမြို့နယ်အတွင်းရှိ မဂျီဂုံစခန်းကုန်းကို ယနေ့ညနေက သိမ်းဆည်းရရှိကြောင်း သိရသည်။
မတ်လ ၁ ရက်နေ့ကစပြီး မံစီမြို့နယ်၊ တမော်ကျေးရွာနယ်မြေအတွင်းရှိ မဂျီဂုံ (Maji Gung) စခန်းကုန်း ၃ ခုလုံးကို တပြိုင်နက် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ညနေတွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု မံစီမြို့နယ်အတွင်း လှုပ်ရှားနေသည့် KPDF တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
“ညနေပိုင်းလောက်ဖြစ်မယ်။ ၃ နေရာပြိုင်တူ ဝင်တိုက်ရတာလေ။ တစ်နေရာပြီးမှ တစ်နေရာတိုက်ရင် ကိုယ့်ဘက်က အထိများမယ်”
၃ ရက်ကြာ တိုက်ခိုက်သိမ်းယူခဲ့ရသည့် မဂျီဂုံ (Maji Gung) ဗျူဟာစခန်းကုန်းတွင် ခလရ – ၁၀၂၊ ခလရ -၂၅၀ နှင့် ခမရ – ၄၂၇ ပူးပေါင်းတပ်တို့ စုပေါင်းတပ်ထိုင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း KIA အရာရှိတစ်ဦး ကျဆုံးခဲ့ပြီး KPDF တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် မံစီမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလကစပြီး KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်နေပြီး ဂိုက်ထိပ် (Kai Htik) စခန်းကုန်၊ ပလောင်ဒင်ဆာ (Balawng Dingsa) ကုန်း၊ စီခမ်းကြီးစခန်းနှင့် မံဝိန်းကြီးဒေသရှိ ရဲစခန်း၊ စစ်တပ်စခန်းကုန်းနှင့် နယ်စပ်စုပေါင်းဂိတ်တို့ကို သိမ်းပိုက်ထားနိုင်သည်။