စကစ စစ်ကြောင်းလှုပ်ရှားမှု မပြုလုပ်ရန် ရွှေကူ KPDF ရာဇသံပေး၊ ဒီနေ့တိုက်ပွဲအတွင်း စကစ ၇ ဦးသေဆုံး
3 March 2024 – Kachinwaves
ဒီနေ့ မွန်းလွဲ ၂ နာရီလောက်က စစ်ကောင်စီစစ်ကြောင်းနဲ့ PDF တွေ ရွှေကူမြို့အထက် တော်လှန်ရွာအနောက် လမ်းကူးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအား စစ်ကြောင်းလှုပ်ရှားမှု မပြုလုပ်ရန် KPDF က ပြင်းထန်စွာသတိပေး ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
ဒီနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ဦး သေဆုံးကြောင်း ရွှေကူဘက်က သတင်းရင်းမြစ်တစ်ဦး ပြောပါတယ်။
ရွှေကူ KPDF က ၎င်းတို့ရဲ့ နယ်မြေအတွင်း စစ်ကောင်စီစစ်ကြောင်းတွေ လှုပ်ရှားမှုပြုရင် ပြင်းထန်စွာထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ဒီကနေ့ သတိပေးထုတ်ပြန် လိုက်ပါတယ်။
“ရွှေကူ KPDF နယ်မြေအတွင်း၌ လှုပ်ရှားနေသော တပ်မ (၈၈) လက်အောက်ခံစစ်ကြောင်းများအနေဖြင့် ယခုကဲ့သို့ ဆက်လက်လှုပ်ရှားနေပါက ရွှေကူ KPDF တပ်ရင်းမှ ပြင်းထန်စွာထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ပြီး ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာအားလုံးကို တာဝန်ယူသွားရမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။”ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီတပ်က ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ဆုံတဲ့နေရာ ငါးအိုးလမ်းခွဲဘက်မှာ လေယာဉ်နဲ့ ပစ္စည်းချသွားတယ်လို့ ရွှေကူဒေသခံက ပြောပါတယ်။
မဘိမ်းမြို့ကို KIA နဲ့ မဟာမိတ်တပ်ဖွဲ့တို့က သိမ်းပိုက်ထားပြီး စစ်ကောင်စီက ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအား အာဏာလွှဲအပ်ထားသည်။