တာမခန်တိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းသာလွန်အင်အားဖြင့် အပြင်းအထန် ခုခံနေ
2 March 2024 – Kachinwaves
စစ်ကောင်စီသည် ဖားကန့်မြို့ တာမခန် တပ်စခန်းလက်မလွတ်ရေးအတွက် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုဖြင့် သာလွန်အင်အားအသုံးပြုကာ ခုခံကာကွယ်နေသော်လည်း စခန်းနေရာအများပိုင်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
တာမခန် စခန်းသိမ်းတိုက်ပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစပြီး KIA၊ KPDF၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေခြင်း ဖြစ်သည်။
”တိုက်ပွဲကတော့ မပြီးသေးဘူး။ သိမ်းနိုင်ဖို့ ၂၀ ရာခိုင်နှုန်းလောက်ပဲ လိုတော့တယ်။ နားလိုက်ပြန်စလိုက် လုပ်နေတာ။ ဟိုစကစတွေက တိုက်ခိုက်ရေးလေယာဥ်တောင် မဟုတ်ဘူး။ ဗုံးကြဲလေယာဥ်နဲ့ကို လာချနေတော့ ကျတော်တို့ဘက်ကလည်း သတိတော့ထားနေရတယ်။ တစ်နေ့ကဆို တိုက်ပွဲဖြစ်တဲ့နေရာအပြင် အနီးအနားပတ်ပတ်လည်ထိ တိုက်ခိုက်ရေးလေယာဥ်နဲ့ကော ဗုံးကြဲလေယာဥ်နဲ့ပါ လာချတာ အလုံး ၇၀ လောက်ရှိတယ်။”ဟု နောက်တန်းရဲဘော်တစ်ဦးက ပြောသည်။
သိရသည်။
၎င်း တာမခန်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီရဲစခန်းမှ အယောက်တစ်ဆယ်ကျော် ဖမ်းမိပြီး သေဆုံးသူအရေအတွက်ကိုတော့ မသိရသေးကြောင်း ပြောသည်။ ထို့အပြင် တော်လှန်ရေးအဖွဲ့ဘက်ကလည်း အရာရှိငယ်တစ်ဦးအပါအဝင် ၆ ဦး ကျဆုံးကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီမှလည်း စခန်းလက်မလွတ်ရေးအတွက် မြေပြင်မှ လက်နက်ကြီး ပစ်ကူပေးနေသလို ဝေဟင်မှလည်း ဗုံးကြဲလေယာဥ်များဖြင့် သာလွန်အင်အားအသုံးပြုကာ ခုခံနေကြောင်း သိရသည်။