မုံရွာမြို့နယ်တွင် စစ်ကောင်စီက ပြည်သူတစ်ဦးအား မီးရှို့သတ်သွားပြီး၊ အချို့ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးထား
2 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မြောက်ဘက်တွင် စစ်ကောင်စီစစ်ကြောင်းက ဆုံကုန်းရွာရှိ နေအိမ်တစ်လုံး၊ ဆိုင်ကယ်သုံးစီး၊ နွားလှည်းတစ်စီးနှင့် အသက် ၃၀ နှစ်ကျော်အရွယ် ပြည်သူတစ်ဦးတို့ကို မီးရှို့သတ်သွားခဲ့ကြောင်း နယ်မြေခံ ပကဖ ရဲဘော်တစ်ဦးထံမှ သိရသည်။
ယနေ့ မတ်လ၂ ရက်နေ့ နံနက် ၅ နာရီခွဲတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အရှေ့ဘက် မင်းတဲရွာမှ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထွက်လာပြီး ဆုံကုန်းရွာကိုဝင်ကာ မီးဝင်ရှို့သွားပြီး ပြည်သူများကိုလည်း ဓာစားခံအဖြစ် ဖမ်းဆီးထားသည်ဟု ပြောသည်။
“မနက်ကြီးရှို့သွားတာ ဆုံကုန်းရွာက ပြည်သူတွေလည်း ဓားစာခံ ဖမ်းဆီးထားသေးတယ်။ တချို့တော့ ပြန်လွတ်ပြီကြားတယ်။ အရိုက်ခံထားရတာတွေလည်း ပါတယ်ဗျ။ တိုက်ပွဲလည်းဖြစ်ထားတော့ သေချာစုံစမ်းလို့ မရသေးဘူး။”ဟု ၎င်းနယ်မြေခံ ပကဖ ရဲဘော်က ပြောသည်။
၎င်းစစ်ကောင်စီစစ်ကြောင်းမှာ ဖေဖော်ဝါရီလ ၂၈၊ ၂၉ နှင့် မတ်လ ၁ ရက်နေ့များတွင်လည်း မုံရွာမြို့ မြောက်ဘက်ရှိ ကျေးရွာ ၅ ရွာထက်မနည်းကို မီးရှို့ခဲ့ပြီး ပြည်သူ ၂ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက်အစောပိုင်းတွင်လည်း မြင်းမူမြို့နယ်မှ စစ်အုပ်စုများအား သွားကြိုပြီးအပြန် ချောင်းဦး – မုံရွာလမ်းပေါ်တွင် တိုက်ခိုက်ခံရပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်းလည်း သိရသည်။