ဖားကန့် ကျောက်ဝိုင်းထဲ စကစ ရဲတပ်ရင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အရပ်သား ၃ ဦး ထိခိုက်
1 March 2024 – Kachinwaves
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာမှာ ဒီကနေ့ညနေ ၆ နာရီက စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီး ရွာထဲကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဆိုင်းတောင်ကျေးရွာအလယ်မှာရှိတဲ့ ရဲတပ်ရင်း (၃၀) က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးတစ်လုံးဟာ ကျောက်ဝိုင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ရှောင်မိသားစုတစ်စု ထိခိုက်ခဲ့တယ်လို့ ဆိပ်မူဒေသခံတစ်ဦးက ဆိုပါတယ်။
“တမင်သက်သက် ရည်ရွယ်ချက်နဲ့ ပစ်တာပါ။ သူတို့ (စစ်ကောင်စီ) က။ အဲ့ဒီအချိန်က ကျောက်ဝိုင်းထဲမှာ ကျောက်ဝယ်လက်တွေ စုဝေးနေတဲ့အချိန် လူရာနဲ့ချီရှိတယ်လေ။ ကျောက်ဝိုင်းထိပ်ကိုကျတာ။”
ထိခိုက်ဒဏ်ရာရသူတွေဟာ ဝှေခါကနေ စစ်ရှောင်လာတဲ့ မိသားစုဝင် ၃ ဦးဖြစ်ပြီး မစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမဖြစ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲတပ်ရင်း ၃၀ ရှိတဲ့ကုန်းထဲ ဗုံးချတိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်တာဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့ကလည်း ဖားကန့်မြို့ထဲကနေရာ ၂ နေရာမှာ လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီီး အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့ပါတယ်။