မုံရွာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ ကျေးရွာများအား မီးပတ်ရှို့နေ
1 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မြောက်ဘက်ရှိ ကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဘက်မှ မီးပတ်ရှို့နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျောက်စစ်ပုံအမြှောက်တပ်မှ ထွက်လာသော စစ်ကောင်စီတပ်အင်အား ၅၀ ခန့်မှာ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်တွင် ကြီးဗဒုံရွာရှိ နေအိမ် ၄ လုံးအား မီးရှို့ခဲ့ပြီး အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးကိုလည်း မီးရှို့သတ်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
တဆက်တည်း ၂၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင်လည်း ဘူးတောင်းကန်ရွာကို မီးထပ်မံရှို့ခဲ့သည်ဟု ဆိုသည်။
၂၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း ၎င်းစစ်ကြောင်းမှ စစ်ကောင်စီတပ်များမှာ တဲကြီးကုန်းရွာမှ နေအိမ် ၃၀ နှင့် ကံပြာကြီးရွာမှ နေအိမ် ၂၈ အိမ်ကို ထပ်မံမီးရှို့ခဲ့ပြီး ကံပြာကြီးရွာမှ အဖွားအိုတစ်ယောက်လည်း မီးထဲပါသွားသည်ဟု ပြောသည်။
“တိုက်ပွဲမရှိပဲ အင်အား ၅၀ လောက်နဲ့ ပတ်ရှို့နေတာပါ။ သူတို့နောက်ချန် အင်အားကတော့ အသင့်အနေထားမှာ ရှိနေတယ်။”ဟု ၎င်းဒေသခံက ဆိုသည်။
ယနေ့နံနက် မတ်လ ၁ ရက်နေ့တွင်လည်း မုံရွာမြို့နယ်ထဲက ခိုသန်းရွာရှိ နေအိမ် ၁၀၀ နီးပါးကို မင်းတဲရွာတွင် အထိုင်ချတပ်စွဲသွားသည့် စစ်ကောင်တပ်များ မီးလာရှို့သွားကြောင်းလည်း ပြောသည်။
မီးရှို့ခံရသည့်ရွာများရှောင်ရပြီး ဘေးရွာများလည်း ရှောင်ရကြောင်းဆိုသည်။ စစ်ကြောင်းလာလျှင် အကုန်ရှောင်ကာ ကြီးဗဒုံရွာသည် ခဏခဏရှောင်ရပြီး စစ်ကောင်စီစစ်ကြောင်းများက ဝင်လိုက်ထွက်လိုက်ရှိနေသဖြင့် စစ်ရှောင်နေရသည့် ရွာနှင့် လူဦးရေ အတိအကျကို မသိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။