ဖားကန့် တာမခန် အမာခံ ခံစစ်စခန်းလက်မလွတ်ရေးအတွက် စစ်ကောင်စီ အပြင်းအထန် ကာကွယ်နေ
29 February 2024- Kachinwaves
KIA ပူးပေါင်းတပ်ဖွဲ့တို့ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေသည့် တာမခံကျေးရွာတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးနေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်နေကြောင်း သိရသည်။
တာမခံစခန်းကုန်းရှိ ခံစစ်စခန်းမှာ ကွန်ကရစ်ဖြင့် အခိုင်အမာဆောက်ထားသည့်အပြင် စစ်တပ်ဘက်က လေကြောင်းနှင့် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း KIA နှင့် နီးစပ်သည့် တာမခံဒေသခံတစ်ဦးက ဆိုသည်။
“ကွန်ကရစ်ခံတပ်တွေနဲ့မို့ မပြီးပြတ်သေးဘူး။ လေယာဉ်နဲ့ လက်နက်လာချသွားတယ်။”
လေကြောင်းအပြင် ဖားကန့် တပ်မကုန်းနှင့် ဆန်းကြွယ်ကျေးရွာရှိ စစ်တပ်ကုန်းမှ လက်နက်ကြီးအပြင်းအထန် ခုခံနေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ စခန်းသိမ်းနိုင်ရန်ခက်ခဲနေသေးသည်ဟု ၎င်းက ဆိုသည်။
“စခန်းမသိမ်းနိုင်သေးဘူး။ ပစ်ချိန်သိပ်မရတာ။ လေယာဉ် ၃ စီးက အမြဲပတ်နေတာ။”
တိုက်လေယာဉ်အပြင် Y-12 လေယာဉ်မှ ဗုံးအလုံးပေါင်းများစွာချပြီး စခန်းလက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်က အပြင်းအထန်ခုခံကာကွယ်နေကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တာမခံကျေးရွာရှိ ချင်းနှစ်ခြင်းဘုရားကျောင်းအပြင် အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရှိရသည်။
ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလကစပြီး ဖားကန့်ဒေသတွင် KIA ဘက်က စခန်းသိမ်းထိုးစစ်ဆင်တိုက်ပွဲများ ဆင်နွှဲနေရာ ဖားကန့်သို့ ဝင်ရောက်နိုင်သည့် လမ်းကြော ၃ ခုအနက် အင်းတော်ကြီး – ဝှေခါလမ်း၊ မိုးကောင်း – ကားမိုင်းလမ်းရှိ ဝှေခါစစ်တပ်ကုန်းနှင့် နန့်တိန်းစစ်စခန်းတို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး အင်းတော်ကြီး – ဆယ်ဇင်းလမ်းပိုင်းမှတစ်ဆင့် ဖားကန့်ဘက်သို့ ဝင်ရောက်နိုင်သည့် တာမခံစစ်တပ်ကုန်းကို စစ်ကောင်စီတပ်က လက်မလွတ်ရေးအတွက် အပြင်းအထန် ခုခံနေခြင်းဖြစ်သည်။