ရှမ်းပြည်မြောက်ပိုင်း မဘိမ်းနှင့် မိုးမိတ်မြို့နယ်အား စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီး ကချင်ပြည်နယ် တိုင်းမှူးကို အာဏာလွှဲအပ်
29 February 2024- Kachinwaves
KIA ပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်နှင့် မြို့သိမ်းတိုက်ပွဲဖြစ်ပွါးခဲ့ဖူးသည့် မိုးမိတ်မြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီ ၂၈ ရက်၊ ယမန်နေ့ညက စစ်ကောင်စီပိုင်မြဝတီရုပ်မြင်သံကြားလိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကဏ္ဍတို့တွင် ဖြစ်ပေါ်လာသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးသော်လည်းကောင်း၊ စစ်ဌာနချုပ် နယ်မြေမှူးသော်လည်းကောင်း စစ်အုပ်ချုပ်ရေးကို ကျင့်သုံးခွင့်ရှိကြောင်း အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်။
မဘိမ်းနှင့် မိုးမိတ်မြို့နယ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့နယ်များဖြစ်သော်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နယ်မြေများ ဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလက မိုးမိတ်မြို့နှင့် မဘိမ်းမြို့ကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်ခဲ့ရာ မဘိမ်းမြို့ကို ဇန်နဝါရီ ၂၁ ရက်နေ့က သိမ်းယူနိုင်ခဲ့သော်လည်း မိုးမိတ်မြို့ကိုမူ မသိမ်းယူနိုင်ဘဲ ဆုတ်ခွါခဲ့ရသည်။