မဲဇာဘက်ခြမ်းရှိ စားသောက်ဆိုင်အချို့ လက်နက်ကိုင်အဖွဲ့များနှင့် ပေါင်းစားနေသည်ဟု ဝေဖန်မိသူကားသမား ဖမ်းဆီးခံရ
28 February 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် လမ်းပိတ်မိနေသော ခရီးသည်ယာဉ်မောင်းတစ်ဦးအား အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယာဉ်မောင်းတစ်ဦးထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ပကဖ ရဲဘော် ၅ ဦးခန့်က စားသောက်ဆိုင်မှ လာရောက်ဖမ်းဆီးသွားသည်ဟု ဖမ်းဆီးခံရသူနှင့်သိသော အခြားယာဉ်မောင်းတစ်ဦးက ပြောသည်။
“သူက အဲ့ဒီ မဲဇာဘက်က စားသောက်ဆိုင်တစ်ဆိုင်ကို အဲ့ဆိုင်က PDF တွေနဲ့ ပေါင်းစားနေလို့ ပြောလိုက်တာ၊ အဲ့တာကို ပကဖ အဖွဲ့ကကြားပြီးတော့ ကားရောလူရော မမြင်ချင်ဘူးဆိုပြီး မောင်းထုတ်တာ၊ အဲ့တာနဲ့ ကျွန်တော့် သူငယ်ချင်းလည်း သွားမယ်ကွာဆိုပြီး အထုပ်ဆွဲပြီးထွက်မယ့်အချိန် နေဦးငါတို့ရုံးကို လိုက်ခဲ့ဦးဆိုပြီး ဖမ်းသွားတော့တာ။”ဟု ဆိုသည်။
မဲဇာဘက်ခြမ်းရှိ စားသောက်ဆိုင်တစ်ချို့မှာ လက်နက်ကိုင်အဖွဲ့များကို ငွေပေးပြီး ၎င်းတို့ဆိုင်ရှေ့တွင် ဂိတ်ပိတ်စေခြင်း၊ ဆိုင်ထဲဝင်ရန် လမ်းညွှန်ခြင်းများ လုပ်လျှက်ရှိသည်ဟု ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသည်ဟု သိရသည်။
ဖမ်းဆီးခံရသူမှာ အသက် ၃၈ နှစ်အရွယ် ကြယ်တံခွန်ယာဉ်လိုင်းမှ Express ကားမောင်းသူဖြစ်ပြီး ယခုအချိန်ထိ မလွတ်သေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကောလင်းမြို့နယ် ကျောက်တန်းရွာအနီးတွင် တိုက်ပွဲများဖြစ်နေသည့်အတွက် ရွှေဘို – ကောလင်း (ကျောက်တန်း) – အင်းတော် ကားလမ်းအား ယာယီပိတ်ထားခဲ့ပြီး အင်းတော်နယ်နှင့် ကောလင်းနယ်တွင် ကားများရာနှင့်ချီ ပိတ်မိခဲ့သည်။
ယနေ့နံနက်တွင် တိုက်ပွဲကြောင့်ပိတ်ထားသော ၎င်းလမ်းပိုင်းအား ပြန်ဖွင့်ပြီဖြစ်သောကြောင့် ကားများပြန်လည်သွားလာနေ ကြသည်။