စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ ဟိုပင်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စကစ ဘက်က ၃ ဦးသေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိ
28 February 2024- Kachinwaves
ကချင်ပြည်နယ်၊ ဟိုပင်မြို့မှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးဖြင့် ပစ်ခတ်ကြပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။
ဒီနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်က နန့်ရင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းအုပ်စုက နန့်ရင်းရွာအရှေ့ဘက် တောင်ကြောကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဟိုပင် KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“အပြန်အလှန် လက်နက်ကြီးထုနေကြတာပါ။ လယ်ကွင်းထဲ တောင်ကြောဘက် ထုတာ။ ရွာထဲနေရာယူထားကြတာ စစ်တပ်က။ နန့်ရင်းရွာတံတားထိပ်ကနေ ပစ်တာ။”
ဟိုပင် ခလရ ၄၀ တပ်ရင်းကလည်း လက်နက်ကြီးပစ်ကူတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအဖွဲ့ဘက်က ဒရုန်းနဲ့ လက်နက်ကြီးအသုံးပြု ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်မှုရှိခဲ့တဲ့အတွက် ၃ ဦးသေဆုံးပြီး အခြားဒဏ်ရာရသူတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။
“ခုလောလောဆယ် ကြားရတဲ့သတင်းက စစ်တပ်ဘက်က ၃ ယောက်ကျသွားပြီတဲ့၊ ကျန်တာ ဒဏ်ရာအများအပြားရလို့ လူနာတင်ကားတွေနဲ့ သယ်နေကြတယ်။ လက်နက်ကြီးရော၊ ဒရုန်းရော ဒီဘက်ကချပေးလိုက်တာ။”
မနေ့ညကလည်း စစ်ကောင်စီဘက်က နန့်ရင်းအရှေ့ဘက်က တောင်ကြောကို လက်နက်ကြီးတွေနဲ့ ဦးတည်ပစ်ခတ်ခဲ့ပါသေးတယ်။
ဖေဖော်ဝါရီ တတိယအပတ်ကစပြီး စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ်တွေဟာ ဟိုပင်မြို့အရှေ့ဘက်ခြမ်းမှာရှိတဲ့ နန့်ရင်းကျေးရွာဘက်ကို စစ်ကြောင်းထိုး၊ လက်နက်ကြီး ပစ်ခတ်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့ကတော့ နန့်ရင်းတံတားထိပ်နှစ်ဖက်နေရာမှာ လမ်းဖျက်ကျင်းတူးပြီး အထိုင်ချနေတယ်လို့ သိရပါတယ်။