ကလေးမြို့ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်နေပြီး တိုက်ပွဲအရှိန်မြင့်လာနိုင်
27 February 2024 – Kachinwaves
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အစပ် ကလေးမြို့တွင်းနှင့် မြို့အနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် ပျူစောထီးစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်လျှက်ရှိကြောင်း ကလေးမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစတင်ပြီး တော်လှန်ရေးမဟာမိတ်များမှ ပူးပေါင်းကာ မြို့အနီးပျူစောထီးရှိသည့် ကျေးရွာများနှင့် မြို့တွင်းအထိုင်စခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်နေကြောင်း ပြောပါသည်။
“မိမိတို့ဘက်က ပျူရွာတွေနဲ့မြို့တွင်း စစ်တပ် အထိုင်စခန်းတွေကို တစ်ကြိမ်တည်း၊ တပြိုင်တည်း နောက်မဆုတ်တမ်း တိုက်ခိုက်နေကြတာပါ။”
စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးဖြင့် တစ်ရက်လျှင် အကြိမ်ရေ ၅၀ နဲ့ ၁၀၀ ကြား ပစ်ခတ်နေပြီး လေကြောင်းပစ်ကူဖြင့်လည်း တိုက်ခိုက်နေကြောင်း ပြောသည်။
ကလေးမြို့တွင် ပိတ်မိနေသည့် ပြည်သူများလည်း ရှိနေသေးပြီး စစ်ကောင်စီဘက်မှ မြို့တွင်း အသွားအလာ ပြည်သူများအား ရမ်းတမ်းပစ်ခတ်နေသည့်အတွက် ထိခိုက်မှုများရှိကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့လည်း ပြည်သူတွေထိတာများတယ်။ လမ်းပေါ်မှာကိုပစ်တာ အခြေနေတော့ မကောင်းဘူး။ မြို့ပေါ်ကလူတွေ ရှောင်ဖို့တော့ စာထုတ်ထားတယ်။ လောလောဆယ်အထိတော့ ရှောင်လို့မရသေးဘူး။ ပိတ်မိနေတဲ့ အနေထားမျိုး ဖြစ်နေတာ။ တစ်ချို့လူငယ်တွေ အများစုကတော့ ရှောင်ကြတယ်။ အရင်စာထုတ်ပြီးကတည်းက။”ဟု ကလေးမြို့ခံ အသက်၂၀ နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“မြို့ထဲဘက်ကတော့ ဆိုင်ဖွင့်ကြပါတယ်။ အခြေအနေ အရပေါ့၊ အသံတွေဘာတွေကြားရင်တော့ ပြန်ပိတ်ကြနဲ့ပေါ့။”ဟု ဆက်ပြောသည်။
လက်ရှိ စစ်ကောင်စီတပ်များမှာ ဇင်းကလင်း၊ ချင်းဆိုင်၊ သာစည်၊ မြို့လှ၊ အင်တိုင်းကုန်း၊ စက္ကန့်၊ ဆည်တော်ဦး၊ ကျောင်းတိုက်၊ ဒိုးဝိုင်းချောင်း၊ တောင်အူ၊ ပျဉ်သာ၊ နည်းပညာတက္ကသိုလ် စသည့်နေရာများတွင် တပ်စွဲထားပြီး မြို့တွင်းတပ်များကို ကာကွယ်နေသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ၇ ရက်တာအတွင်း စစ်တပ်ဘက်မှ သေဆုံးများကာ တော်လှန်ရေးဘက်မှလည်း ၆ ဦးကျဆုံးပြီး လောလောဆယ်တွင် ပျူစောထီးရှိသည့်ကျေးရွာ စစ်ကောင်စီတပ်အထိုင်စခန်း ၂ ခုအား သိမ်းထားနိုင်ပြီဖြစ်ကြောင်းလည်း တော်လှန်ရေးရဲဘော်ထံမှ သိရသည်။
တိုက်ပွဲအား မဟာမိတ်တပ်ရင်းများဖြစ်ကြသည့် ကလေးခရိုင် ပကဖ တပ်ရင်း၊ မြို့နယ်တပ်ရင်း၊ Local တပ်ရင်းများ၊ ချင်းတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၊ မြို့တွင်း/ပြင် UG တပ်ဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။
တိုက်ပွဲနှင့်ပတ်သက်ပြီး ကလေးမြို့တွင်း၊ မြို့ပြင် တိုက်ပွဲအရှိန်များ မြင့်လာနိုင်သည့်အတွက် ပြည်သူများအမြန်ဆုံး မြို့တွင်းမှ ထွက်ခွာတိမ်းရှောင်ကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ပြည်သူ့ရင်ခွင်သို့ နီးစပ်ရာတော်လှန်ရေး တပ်ဖွဲ့များမှတဆင့် ချိတ်ဆက်၍ ဝင်ရောက်ခိုလှုံကြရန် ကလေးခရို ပကဖ တပ်ရင်းက ယမန်နေ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။