မိုးကောင်း – ကားမိုင်းလမ်းဆုံအနီး စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
27 February 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးကောင်း – ကားမိုင်းလမ်းဆုံက ၈ မိုင်ကျေးရွာအနီးမှာ ဒီမနက်က ၈ နာရီဝန်းကျင်က စစ်ကောင်စီနဲ့ KIA တပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မန်ရွက်ရွာကျေးရွာကနေ ၃ မိုင်ဝန်းကျင်သာဝေးတဲ့ ၈ မိုင်ကျေးရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA က ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ နဲ့ နီးစပ်တဲ့ မိုးကောင်းဒေသခံတစ်ဦးက ဆိုပါတယ်။
“မိုးကောင်းကနေ ကားနဲ့လာပြီး မန်ရွက်မှာဆင်း၊ ဆင်းပြီးတော့ အဲ့ကနေ လမ်းလျှောက်တဲ့အချိန် KIA ကနေ စပစ်တာပေါ့။ ပစ်တဲ့အချိန် ၈ မိုင်မှာလည်း ဗုဒ္ဓဘာသာ၊ ဘာသာရေးပဌာန်းပွဲရှိတော့ KIA ဘက်ကနေ နောက်ပြန်ဆုတ် သွားတယ်ပေါ့။ သိပ်တော့မကြာဘူး။”
တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ မိုးကောင်းမြို့ကနေ စစ်ကား ၄ စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ နဲ့ ထွက်ခွာလာပြီးနောက် မန်ရွက်ရွာမှာကားရပ်ပြီး ၈ မိုင်ကျေးရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာ တာဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာတော့ မန်ရွက်ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စခန်းကနေ ၈ မိုင်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူနေဆိုင်ခန်းတွေအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာတွေ ရှိတယ်လို့ ဆက်ပြောပါတယ်။
“ပစ်တာတော့ သူတို့ ရမ်းသမ်းပြီး ပစ်တာပေါ့။ သိရသလောက်တော့ ပျက်စီးမှုတော့ မဟုတ်ဘူး။ ဆိုင်တွေနားကို ကျတာတို့တော့ ရှိတယ်။ ဆီဆိုင်နားတစ်ခုကို ပေါ့နော်။ ဇင်ယော်ဆီဆိုင်နားကို လက်နက်ကြီးကျတယ်။”
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၈ မိုင်ကျေးရွာလမ်းကို ဖြတ်သန်းနေတဲ့ လမ်းသွားလမ်းလာနဲ့ အနီးနားမှာရှိတဲ့ အရပ်သား ၂၀ ဦးဝန်းကျင်ကိုလည်း ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ အရပ်သားပြည်သူတွေရဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရှိရသေးပါဘူး။
၂၀၂၄ ခုနှစ် အစပိုင်းကစပြီး ကချင်ပြည်နယ်တွင် KIA ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ပိုပြင်းထန်လာပြီး ဖားကန့်၊ တနိုင်းနဲ့ မံစီမြို့နယ်အတွင်းက စစ်တပ်စခန်းနဲ့ ရဲစခန်း ၁၈ ခု ထက်မနည်းကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။