စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး လဝါးကျေးရွာတွင် ကျရောက်ပေါက်ကွဲ၍ နေအိမ် ၃ လုံးနှင့် အိမ်မွေးတိရစ္ဆာန် ထိခိုက်
27 February 2024 – Kachinwaves
ကချင်ပြည်နယ်၊ ကာမိုင်းမြို့ ဗျူဟာကုန်း စစ်ကောင်စီတပ်စခန်းမှ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်း ၁၂ နာရီခန့်က ပစ်ခတ်လိုက်သော လက်နက်ကြီး လဝါးကျေးရွာတွင် ကျရောက်ပေါက်ကွဲသဖြင့် နေအိမ်များနှင့် ဝက်ကောင်များ ထိခိုက်ခံရကြောင်း လဝါးဒေသခံတစ်ဦးက ပြောသည်။
”ပစ်တာကနှစ်ကြိမ်၊ ရပ်ကွက် ၁ မှာ သွားကျတာ စားသောက်ဆိုင်တွေရှိတဲ့ဘက်။ အိမ်က ၃ လုံးထိတယ်။ အဲ့အိမ်တွေရဲ့ အနီးအနားက သစ်ပင်တို့ ငှက်ပျောပင်တွေဆို ဗုံးစမှန်လို့ ကျိုးကျတာတွေရှိတယ်။ ပြီးတော့ မွေးထားတဲ့ဝက်တွေလည်း ဗုံးစထိတယ်။ သေတော့မသေဘူး။ လူတွေလည်း ဘာမှမဖြစ်လို့ တော်သေးတာပေါ့။”ဟု ပြောပြသည်။
လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာသည် မြစ်ကြီးနားမြို့မှ ဖားကန့်မြို့နှင့် တနိုင်းမြို့သို့ သွားရာလမ်းခွ၌ တည်ရှိသောကျေးရွာဖြစ်ပြီး ခရီးသွားကားများနှင့် ဧည့်သည်များ ခရီးတစ်ထောက် နားခိုစားသောက်ကြသော နေရာဖြစ်သည်။