ကျောက်တန်းရွာ သစ်ဖုလှတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
27 February2024 – Kachinwaves
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ကျောက်တန်းရွာ သစ်ဖုလှတောင်ကုန်းရှိ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးအပြင် လေကြောင်းသုံးကာ ခုခံနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ သိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၅ နာရီမှစတင်ကာ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေပြီး ယနေ့ဆိုလျှင် ၅ ရက်မြှောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
“တိုက်ပွဲတွေတော့ ဖြစ်နေတယ်။ တိုက်ပွဲအသေးစိပ်ကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီဘက်တော့ အထိနာနေတဲ့အတွက် လေကြောင်း၊ လက်နက်ကြီး အစွမ်းကုန်သုံးပြီး ခုခံနေပါတယ်။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
တိုက်ပွဲဆင်နွှဲနေသည့် ၅ ရက်အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ၇ ကြိမ်တိုက်ခိုက်ခဲ့ပြီး ဝန်းသို ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တပ်များမှလည်း ဟောက်ဝှစ်ဇာအမြောက်ဖြင့် ၁၀ ကြိမ်တိတိပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကျောက်တန်းရွာရှိ ပြည်သူ့နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်းလည်း ကောလင်းခရိုင် အမှတ် (၁) တပ်ရင်းမှ ထုတ်ပြန်ထားသည်။
တိုက်ပွဲအား ကောလင်းခရိုင်တပ်ရင်း (၁)၊ ကောလင်းခရိုင် ပကဖ နှင့် တော်လှန်ရေးတပ်ပေါင်းစု အင်အားများဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရွေဘို – ကောလင်း (ကျောက်တန်း) – အင်းတော်လမ်းအား ယာယီပိတ်ထားကြောင်းလည်း သိရသည်။