တာမခံ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တို့ ပိတ်ဆို့တိုက်ခိုက်နေ
26 February 2024 – Kachinwaves
ဖားကန့်မြို့နယ်၊ တာမခံကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ ညနေ ၅ နာရီကစပြီး KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တာမခံကျေးရွာအဝင်မှာရှိတဲ့ စစ်တပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတာ ဖြစ်တယ်လို့ တာမခံရွာကစစ်ရှောင်တစ်ဦးက ဆိုပါတယ်။
“ခုစပစ်နေပြီ။ အကြီး၊ အသေးစုံတယ်။ ဖားကန့်ဆန်းကြွယ်ကလည်း ပစ်ကူနေတယ်။ လက်နက်ကြီးနဲ့”
တာမခံစခန်းကုန်းမှာ စစ်ကောင်စီ သာမက လူမျိုးအမည် ခံရှမ်းနီပြည်သူ့စစ်နဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့တွေပါ အထိုင်ချနေတဲ့ အင်အားများတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ KIA ပူးပေါင်းတပ်ဖွဲ့တွေ စစ်ကောင်စီစခန်းကုန်းကို ပိတ်ဆို့ထားပြီဆိုတဲ့ သတင်းထွက်ပေါ်တဲ့အချိန် ဒီကနေ့ မနက်ကတည်းက တာမခံရွာကနေ စတင်ရှောင်တိမ်းနေကြတာဖြစ်တယ်လို့ သိရပါတယ်။
တာမခံ စစ်တပ်ကုန်းသိမ်းတိုက်ပွဲ နောက်ဆက်တွဲ အခြေအနေကို ဆက်လက်စုံစမ်းနေပါတယ်။
ဖားကန့်မြို့နယ်မှာ ၂၀၂၄ ဇန်နဝါရီလကတည်းက KIA နဲ့ PDF ဘက်က စခန်းသိမ်းတိုက်ပွဲတွေ စတင်ဖော်ဆောင်လာခဲ့ပြီး နှစ်ဦးပိုင်း ၂ လအတွင်း နန့်တိန်းတပ်စခန်းနဲ့ ဝှေခါရဲစခန်း၊ ဝှေခါစစ်တပ်ကုန်းတို့ကို သိမ်းယူနိုင်ခဲ့ပါတယ်။