ဖားကန့်မြို့မှာ ဈေးလာဝယ်တဲ့ စစ်ကောင်စီရဲတွေ ပစ်ခတ်ခံရ
26 February 2024 – Kachinwaves
စစ်ရေး မတည်ငြိမ်တဲ့ဒေသ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာမှာ မနေ့မနက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သားအမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဆိုင်းတောင်ကျေးရွာ အလယ်မှာရှိတဲ့ ရှမ်းကုန်းဈေးမှာ မနေ့မနက် ၉ နာရီက ဈေးဝယ်လာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကို KPDF အဖွဲ့က လိုက်လံပစ်ခတ်ရာမှာ ရဲတွေနဲ့ ပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့ ဆိုင်းတောင်ဒေသခံတစ်ဦးက ဆိုပါတယ်။
“ရဲတွေကမှန်တယ်။ မသေလိုက်ဘူးတဲ့။ ထွက်ပြေးတာ။ သူတို့ကားတွေထားပြီး ထွက်ပြေးတာတဲ့။ ကြားထဲမှာ ဈေးထဲဆိုတော့ ဈေးဝယ်တဲ့ ပြည်သူတွေရှိနေတဲ့အခါကျတော့ ဘယ်လိုမှ မရဘူးလေ။ အဲ့မှာပြည်သူတစ်ယောက်ကတော့ ထိတယ်တဲ့။”
၎င်းရှမ်းကုန်းဈေး ပစ်ခတ်မှုဖြစ်စဉ်အတွင်း ခြေထောက်ကျည်ထိမှန်ခဲ့သူမှာ အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ ဈေနားကပြည်သူတစ်ဦးက ဆိုပါတယ်။
“ဘွားတော်တစ်ယောက်တောင် ထိသေးတယ်။ ဈေးထဲဆိုတော့၊ သေတော့မသေဘူး ထင်ပါတယ်။ ခြေထောက်မှန်တာဆိုတော့။ လူမှုကူညီရေးကားတွေ ချက်ချင်းရောက်လာတယ်။”
၂၀၂၂ ခုနှစ်ကစပြီး ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာတော့ KIA ပူးပေါင်းအဖွဲ့တွေက ဖားကန့်မြို့နယ်က နန့်တိန်းစခန်းနဲ့ ဝှေခါစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။