ဟိုပင်အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်များက ကျေးရွာတံတားလမ်းကို ဖျက်ဆီးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်
26 February 2024 – Kachinwaves
မိုးညှင်းမြို့နယ်၊ ဟိုပင်အရှေ့ဘက်ခြမ်း၊ နန့်ရင်းကျေးရွာဘက်တွင် စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်များ စစ်ကြောင်းထိုးနေပြီး ကျေးရွာတံတားသွားလမ်းကို ဖျက်ဆီးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း သိရသည်။
ယမန်နေ့က စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့က ဟိုပင်မြို့နှင့် နန့်ရင်းကျေးရွာကြား ဆက်သွယ်ထားသည့် တံတားအတက်၊ အဆင်းနေရာများတွင် ကျင်းတူးကာ လမ်းဖြတ်တောက်ခဲ့သည်ဟု ဟိုပင်စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူက ဆိုသည်။
“ဟိုပင်မှာ စစ်ကြောင်းထိုးနေတယ်။ နန့်ရင်းရပ်ကွက်၊ အရှေ့ဘက်ကွင်းနားက တံတားမှာ။ ရှမ်းနီတွေအများဆုံး ပါတယ်။ တံတားနဲ့ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် ကျင်းတူးနေကြတယ်။”
ထို့နောက် ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် နန့်ရင်းကျေးရွာဘက် လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ဟိုပင် KPDF နှင့် KIA တပ်မဟာ (၈) ဘက်မှ စစ်ရေးသတင်းရင်းမြစ်အရ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်းအဖွဲ့က လက်နက်ကြီးလက်နက်ငယ်များဖြင့် နန့်ရင်းဘက်သို့ ပစ်ခတ်နေခြင်းဖြစ်သည်ဟု ပြောကြသည်။
“ပစ်တော့ပစ်နေပြီ။ စစ်တပ်ဘက်ကပဲ ထုနေတာ။ ဟိုပင်အရှေ့ခြမ်းဘက်ကို” ဟု ဟိုပင် KPDF တပ်ဖွဲ့ဝင်က ဆိုသည်။
“တိုက်ပွဲမဖြစ်ဘူး။ ရှမ်းနီပြည်သူ့စစ်နဲ့ စကစတပ်တွေ နန့်ရင်းအရှေ့ဘက်ထိ တိုးလာပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ပစ်တာ။ နောက်တံတားတွေ ဖျက်ဆီးသွားတယ်။” ဟု တပ်မဟာ (၈) ဘက်က စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ယမန်နေ့ညကလည်း နန့်ရင်းရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု သိရှိရသည်။
ဟိုပင်အနီးတဝိုက်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းထိုးနေသည်မှာ သုံးလေးရက်ခန့် ကြာမြင့်ပြီဖြစ်ပြီး ၎င်းတို့ကြောင့် ဟိုပင်အရှေ့ဘက်ခြမ်းတွင် နေထိုင်သူများနှင့် အခင်းစိုက်တောင်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။