တန်ဆည်အနောက်ဘက်ခြမ်းရှိ အကြီးဆုံးစံပြရွာကြီးအား စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးနေ
25 February 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အနောက်ဘက် ၆ မိုင်အကွာရှိ ကံထူးမစံပြရွာကြီးအား စစ်ကောင်စီဘက်မှ မီးရှို့ဖျက်ဆီးနေသည်မှာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
အိမ်ခြေတစ်ထောင်ကျော်ရှိပြီး လူဦးရေ ၅ ထောင်နီးပါးရှိသည့် ၎င်းရွာကြီးအား ဒုတိယအကြိမ်အနေဖြင့် ယနေ့ ၂၅ ရက်နေ့တွင် ရွာအားနှစ်ပိုင်းခွဲကာ မီးရှို့နေကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်များမှာ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပထမအကြိမ် မီးတင်ရှို့ခဲ့သည်ဟု ဆိုသည်။
“ဖုန်းဆိုင်၊ ရွှေဆိုင်၊ ဆီပန့်ဆိုင် ကားဂိတ် လက်ဖက်ရည်ဆိုင် ဘီယာဆိုင် အကုန်ရှိတဲ့ရွာကြီးတစ်ရွာပါပဲ။ အသားငါး၊ ကုန်စိမ်း အကုန်ရတဲ့ဈေးကြီးကိုလည်း မီးရှို့ဖို့များတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ အတိကျမသိသေးဘူး။”ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ဆိုသည်။
၎င်းရွာရှိစျေးကိုပဲ အနီးဝန်းကျင်ရှိ ပြည်သူများအမှီပြု လုပ်ကိုင်စားသောက်နေကြောင်းလည်း
၎င်းမှဆက် ပြောသည်။
ကံထူးမရွာကြီးအား တန်ဆည်မြို့မှရောက်လာသည့် ပျူစောထီးဘုန်းကြီး ဦးဆောင်သော ဝါသဝစစ်ကြောင်းနှင့် ဘီလူးစစ်ကြောင်းတို့ပေါင်းကာ အင်အား ၁၇၀ ခန့်ဖြင့် မီးရှို့ဖျက်ဆီးကြောင်း သိရသည်။
ဝါသဝ၏ ပျူစောထီးစစ်ကြောင်းသည် ကံထူးမဘက်သို့အလာ သပြေရင်းရွာကို မီးအရင်ရှို့ထားခဲ့ကြောင်းလည်း သိရသည်။
ယခုလက်ရှိ တန်ဆည်မြို့အနောက်ခြမ်းတွင် ကံထူးမရွာအပါအဝင် အိုင်လျားရှည်၊ ကျောင်းကုန်း၊ ဆပ်ပြာအိုင်၊ ကြက်ဆူကန်၊ မရမ်းမိ၊ သရက်ခါး၊ ရေရှင်ကုန်း၊ ပေကုန်း၊ လက်ဆည်၊ ကျီးကန်၊ အင်ပင်အိုင်၊ အင်ရေအိုး၊ ပန်းထိမ်ကုန်း၊ ရေရှင်၊ လယ်တီး၊ လယ်မ၊ ထန်းတောစု၊ သရက်ကုန်း၊ ဝါးရုံရင်း၊ မြေဂူ၊ ကြောင်ဆင်းအိုင်၊ အင်ပင်အိုင်၊ သစ္စေးပင်လှ၊ ပဲခင်းကြီး၊ ခရမ်းခြံ၊ ရွှေကတော်၊ ကျွဲဆွဲ၊ တနယ်၊ သရက်ကွ၊ မှန်ကြိုင်၊ မှန်ရင်း၊ ရွာသစ်၊ ကိုးတောင်ဘို့၊ သာယာကုန်း၊ ဝါးရငယ် စတဲ့ကျေးရွာများမှ ပြည်သူ ၂ သောင်းနီးပါး စစ်ရှောင်နေကြရကြောင်း သိရသည်။
ကံထူးမရွာသည် ရေဦး – တန်ဆည် – မဟာမြိုင် – ကလေးဝ လမ်းမကြီးပေါ်တွင်တည်ရှိပြီး ရေဦးနှင့် တန်ဆည်လမ်းခွဆုံတွင် ရှိကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။
“ကလေးမြို့ဘက်ကနေလာတဲ့ ကားတွေအကုန် ကံထူးမမှာ နားတယ်။ ရေဦးကို တန်းမောင်းချင်လည်း ရတယ်။ တန့်ဆည်မြို့ထဲကို တန်းမောင်းချင်လည်း ရတာပေါ့ဗျာ။ ရေဦးကို တန်းမောင်းရင်တော့ တန့်ဆည်မြို့ကို မဖြတ်တော့ဘူး။”ဟု ၎င်းဒေသခံက ဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကံထူးမစံပြကျေးရွာရှိ ရဲစခန်းတစ်ခုအား တော်လှန်ရေးအဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်အသေဆုံးများခဲ့သည့်အတွက် လေကြောင်းဖြင့် အကြိမ် ၂၀ တိုက်ခိုက်ခဲ့ကာ ယခုလို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။