မန္တလေး – မြစ်ကြီးနား ဗျူဟာလမ်းမကြီး ကောလင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေ၍ လမ်းကြောများ ပိတ်ဆို့နေ
24 February 2024 – Kachinwaves
ကောလင်းမြို့နယ်၊ ကျောက်တန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မန္တလေး – ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်ရှိ အင်းတော် – ကျောက်တန်း လမ်းပိုင်းအား ယာယီပိတ်ဆို့ထားကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
တိုက်ပွဲဖြစ်နေသည့်အတွက် ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ပြီး ကျောက်တန်းရွာအနီး ပဒုမ္မာရွာတွင် ပိတ်ဆို့ထားကာ ၁ ပတ်ကြာအထိ ပိတ်ဆို့ထားမည်ဟု တော်လှန်ရေးအဖွဲ့မှ ပြောဆိုကြောင်း ယာဉ်မောင်းတစ်ဦးက ဆိုသည်။
“ပိတ်နေတာ ကားတန်းကြီးကို အရှည်ကြီးပဲ။ တစ်ပတ်လောက်အထိ ပိတ်မယ်လို့တော့ ပြောတယ်။ စားရေးသောက်ရေးနဲ့ အပေါ့အလေးသွားတာ ရေမိုးချိုးတာလောက်တော့ သိပ်အဆင်မပြေဘူးပေါ့။”ဟု ၎င်းခရီးသည်ယာဉ်မောင်းက ဆိုသည်။
ယမန်နေ့ ၂၃ ရက်နေ့မှစတင်ပြီး ကောလင်းမြို့နယ် ကျောက်တန်းရွာအနီး သစ်ဖုလှ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်း ပစ်ကူပေးနေကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
မန္တလေး – ထီးချိုင့် လမ်းကြောလည်း ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲထားသည့်အတွက် အသုံးပြု၍မရသေးဘဲ မြန်မာပြည်အောက်ပိုင်းမှ ကချင်ပြည်ဘက်သို့ ခရီးသွားလာရသည့် ပြည်သူများမှာ မန္တလေး – ရွှေဘို – ကောလင်း (ကျောက်တန်း) – အင်းတော် စသည့်ကားလမ်းတစ်ခုတည်းသာ အသုံးပြုသွားလာနေရသည်။
၎င်းကားလမ်းများမှာ တိုက်ပွဲဖြစ်ပွားလျှင် မကြာခဏ ပိတ်လေ့ပိတ်ထရှိသော လမ်းပိုင်းများဖြစ်သည်။