ခမရ ၃၈၇ ၏ စခန်းနှစ်ခု စခန်းစွန့်ခွာပြီး ရွှေကူမြို့သို့ အင်အားဖြည့်နေ
23 February 2024 – Kachinwaves
မြို့လှမြို့ စစ်တပ်ကုန်းနှင့် ကျောက်ကြီးရွာ ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ကစပြီး စခန်းစွန့်ခွါသွားပြီဖြစ်ကြောင်း သိရသည်။
မြို့လှမြို့အဝင်ရှိ တပ်မ (၈၈) လက်အောက်ခံ ခမရ (၃၈၇) စစ်တပ်ကုန်းနှင့် ကျောက်ကြီးကျေးရွာ ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းစွန့်ခွါပြီး ရွှေကူမြို့သို့ အင်အားပူးပေါင်းကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“သူတို့ဆုတ်နေတယ်။ ဆူတ်နေတယ်ဆိုတာက ရွှေကူဘက်ကိုဆန်သွားတာ သွားနေတုန်း သံခွန်နဲ့သွားတယ်။ ကုန်းကြောင်းနဲ့တစ်ဖွဲ့ သွားတယ်။”
ယခုရက်ပိုင်း ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် ရွှေကူမြို့မှ စစ်ကောင်စီတပ်စခန်း၏ အင်အားထက် လေးငါးဆခန့်ရှိသော မံစီမြို့နယ် စီခမ်းကြီးရှိ မဆုတ်တမ်းခံစစ်စခန်းကို KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က သုံးရက်အတွင်း လေကြောင်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်သည့်ကြားမှ သိမ်းပိုက်နိုင်ခဲ့သည်။
ဆုတ်ခွါသွားသည့် စစ်ကြောင်းသည် ယနေ့ညနေ ၄ နာရီခန့်တွင် သံခွန်ရေမော်တော်ယာဉ်ဖြင့် ရွှေကူမြို့ဘက်သို့ ကူးသွားခြင်း ဖြစ်သည်။
မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီစခန်းစွန့်ခွါရခြင်းမှာ ရွှေကူမြို့နှင့် ကချင် – ရှမ်းမြောက်အစပ်ရှိ ငါးအိုးမြို့အတွက် ခံစစ်ပြင်ရန်ဟု ကြားသိရကြောင်း ဆိုသည်။
“ဘာလို့စခန်းစွန့်ခွါရလဲဆို သူတို့ကိုယ်သူတို့ မလုံခြုံတာရယ်။ ပြီးရင် သူတို့တပ် အတိုက်ခံရမှာကြောင့်ရယ်။ ပြီးရင် သူတို့ရွှေကူဘက်နဲ့ ငါးအိုးဘက်ကို ခံစစ်ပြင်မယ့် သဘောအနေနဲ့ ဆုတ်သွားတာ။ အဓိက ဒီအကြောင်းတွေကြောင့်လို့ပါ့။”
၂၀၀၂ ခုနှစ် ကတည်းက စတင်အထိုင်ချခဲ့ပြီး ဗျူဟာမှူး ဝင်းသူရအောင် ဦးစီးကွပ်ကဲခဲ့သည့် မြို့လှစခန်းကုန်းသည် စစ်အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ်က KIA နှင့် မြို့လှ KPDF တပ်ဖွဲ့၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရဖူးပြီး ၃ ရက်အကြာတွင် စစ်ကောင်စီက လေကြောင်း၊ ကုန်းကြောင်းဖြင့် ပြန်လည်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွါခဲ့ရဖူးသည့် စခန်းဖြစ်သည်။
ကျောက်ကြီး ရဲစခန်းမှာလည်း KIA နှင့် မြို့လှအဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို မကြာခဏခံရလေ့ရှိပြီး ဒရုန်းစစ်ဆင်ရေးများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာချိန်တွင်လည်း မြို့လှတပ်ဖွဲ့က ထိုစခန်းကို ဒရုန်းဖြင့် ဗုံးချပြီး အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြသည်။
မြို့လှစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မစွန့်ခွါမီ ၃ ရက်အလိုတွင် တော်လှန်ရေးအဖွဲ့ဘက်က လက်နက်ချပူးပေါင်းရန် စာပေးပို့ခဲ့ကြောင်းလည်း မြို့လှ KPDF ၏ သတင်းပြန်ကြားရေး စာမျက်နှာ၌ ဖော်ပြထားသည်။