စစ်ကောင်စီ၏ ကံထူးမရွာရဲစခန်း စီးနင်းခံရပြီး အင်အား ၄၀ ခန့်မှ ၄ ဦးသာထွက်ေပြးနိုင်ခဲ့
22 February 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကံထူးမစံပြကျေးရွာ စစ်ကောင်စီရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၃ နာရီတွင် စတင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ၆ နာရီခွဲအချိန်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ကာ ဘန်ကာများနှင့် ရဲစခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ေကြာင်း ရေဦးမြို့နယ်အခြေပြု People’s Defence Comrade မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ရဲစခန်းကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ဘန်ကာ ၆ ခုရှိတာ၊ တစ်ခုကတော့ မဖျက်ဆီးနိုင်ခဲ့ဘူး။ လေကြောင်းတက်တယ်ကြားတာနဲ့ ကိုယ့်ဘက်ကတွေ အချိန်မီဆုတ်ခဲ့ရတာ၊ တိုက်ပွဲတွင်း နှစ်ဖက်ကျဆုံးမှုရှိပါတယ်။”ဟု ဆိုသည်။
၎င်းရဲစခန်းတွင် စစ်ကောင်စီနှင့် ရဲအင်အား ၄၀ နီးပါး အထိုင်ချနေပြီး ၄ ဦးသာ အရှင်ထွက်ပြေးနိုင်ခဲ့သည်ဟု ဆိုသည်။ တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော် ၂ ဦးကျဆုံးသည်ဟုလည်း ဆိုသည်။
စခန်းသိမ်းပိုက်နေစဥ် နံနက် ၄ နာရီကျော်မှစတင်ပြီး မွန်းလွဲ ၃ နာရီဝန်းကျင်အထိ တံတားဦးတက် ဂျက်ဖိုက်တာ၊ Y 12 ဗုံးကြဲလေယာဥ်၊မုံရွာနမခတက် Mi-35 စသည် လေယာဉ်များဖြင့် အကြိမ်၂၀ ကျော် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဗုံးသီးအလုံးရေ (၆၀) ကျော် ကံထူးမရွာနှင့် ပကာရွာဘက်သို့ ကြဲချခဲ့သည်ဟု ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကံထူးမရွာမှ အမျိုသမီး ၂ ဦးထိခိုက်ခဲ့ပြီး ကံထူးမရွာမြောက်ဘက်ရှိ ပကာရွာမှလည်း ပြည်သူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုလက်ရှိတွင် ရေဦးနယ်မှ တန်ဆည် ကံထူးမရွာသို့ စစ်ကူရောက်နေသော အင်အား ၇၀ ကျော်ပါ ဘီလူးစစ်ကြောင်းနှင့် ကန့်ဘလူနယ်မှ တန်ဆည်နယ်ထဲသို့ ဝင်ရောက်လာသော အင်အား ၇၀ ပါ စစ်ကြောင်းတို့ ပေါင်းပြီး ထိုးစစ်ဆင်လာနိုင်သည့်အတွက် နှစ်ဖက်ထိတွေ့မှုဖြစ်လာနိုင်ေသာကြောင့် တန်ဆည်-ကံထူးမ-ကလေးဝလမ်းအား တော်လှန်ရေးအဖွဲ့များမှ ယာယီပိတ်ထားကြောင်း သိရသည်။
“တိုက်ပွဲဖြစ်နေချိန် ဘီလူးစစ်ကြောင်းက စစ်ကူဆိုပြီးလာတာ မနေ့ညနေပိုင်းလောက်မှာပဲ ကံထူးမရွာကိုဝင်တယ်။ အခုကန့်ဘလူက စစ်ကြောင်းကလည်း အခု တန်ဆည်မြို့တွင်းကို ရောက်နေပြီ စစ်ကြောင်းနှစ်ခုပေါင်းနိုင်တယ်။”ဟု ဆိုသည်။
အဆိုပါတိုက်ပွဲအား ရွှေဘိုခရိုင် တပ်ရင်း ၇၊ ၈၊ ၁၀၊ ၁၆၊ တန်ဆည်ပကဖတို့နှင့် ဒေသခံကာကွယ်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း သိရပါသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တန်ဆည်အနောက်ခြမ်းမှ ကျေးရွာ၂၀ ကျော်မှ ပြည်သူ ၂ သောင်းနီးပါး စစ်ဘေးရှောင်နေရကြောင်းလည်း သိရသည်။