စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့ သတင်းကြောင့် ဖားကန့် ကျောက်စိမ်းလုပ်ကွက်တချို့ ခေတ္တရပ်ဆိုင်းခဲ့ရ
22 February 2024 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးမယ့် သတင်းထွက်ပေါ်နေတဲ့အတွက် ဒီနေ့မနက်ပိုင်းက ကျောက်လုပ်ကွက်တချို့ ရပ်နားခဲ့ရကြောင်း ဖားကန့်ဒေသခံတွေထံက သိရပါတယ်။
စစ်ကြောင်းထိုးနေတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ဖားကန့်၊ လုံးခင်းတစ်ဝိုက်က ကျောက်တူးဖော်ရေး လုပ်ငန်းခွင်တွေ ရပ်နားခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“ဒီမနက်က စစ်ကြောင်းထိုးမယ်ဆိုတဲ့ ဆိုက်ဝါးသတင်းကြောင့် ကုမ္ပဏီတွေခဏ နားသွားကြတာ။ ဖားကန့် ကျောက်စိမ်းတောင်တံတားမှာ စစ်ဆေးတာတွေတော့ ရှိခဲ့တယ်။”
ဒေသခံတွေကတော့ မနေ့ညက ဖားကန့်မြို့အနီး မှော်ဝမ်းလေး၊ မှော်ဝမ်းကြီးကျေးရွာဘက် ကျောက်မိုင်းခွဲသံ (သို့) လက်နက်ကြီး ပေါက်ကွဲသံလိုမျိုး ပေါက်ကွဲသံ ၂ ချက်ကြားရပြီး ကတည်းက ကုမ္ပဏီတွေရပ်နားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“မနေ့ညက လက်နက်ကြီးသံ ၂ ချက်ကြားကတည်းက အကုန်နားသွားတာလို့ ပြောတယ်။”
မနက်ပိုင်းပဲ လုပ်ငန်းခွင်တွေ ရပ်နားခဲ့တာဖြစ်ပြီး မွန်းလွဲပိုင်းကစပြီး လုပ်ငန်းခွင်တချို့ လုပ်ငန်းပြန်စနေတယ်လို့လည်း သိထားရပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ဖားကန့်မြို့အနီးနဲ့ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်ကောင်စီစစ်ကြောင်းထိုးခဲ့တဲ့အတွက် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တချို့ ရုတ်တရက် ရပ်နားခဲ့ရပါတယ်။