စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ခရီးသွားပြည်သူတွေကို ရှောင်တခင်ဖမ်းဆီးမှု ပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပေါင်းလုပ်ဆောင်နေ
22 February 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်း – မြစ်ကြီးနားကားလမ်းမကြီး တလျှောက်မှာ မနေ့က စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေပူးပေါင်းပြီး အရပ်သားဖမ်းဆီးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဟိုပင်မြို့နဲ့ နန်းခွင်ရွာကြား နန်းခွင်တံတားအဆင်းမှာ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ မနက် ၇ နာရီဝန်းကျင်က စစ်ကောင်စီနဲ့ ပင်းဘောပြည်သူ့စစ်တွေ ပူးပေါင်းပြီး လမ်းပေါ်ဖြတ်သန်းသွားလာနေတဲ့ အရပ်သားတွေကို ဖမ်းဆီးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“လူစုစုနဲ့ကားတွေအများကြီး ရပ်ထားတာတွေ့ လိုက်တယ်။ ဖမ်းတယ်မထင်ဘူး။ စစ်တယ်ထင်တာ။ ခါတိုင်းလည်း စစ်နေတာကိုး။ ကားတွေရပ်ခိုင်းပြီး လူငယ်တွေကို ခေါ်ထားတာပြောတယ်”
အနီးအနားကျေးရွာက လူငယ်တွေအပါအဝင် ခရီးသွားလူငယ်အယောက် ၃၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရပြီး သူတို့ကို ပင်းဘောစစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“ကားနှစ်စီးလောက် တိုက်သွားတယ်။ စစ်ကားလည်း မဟုတ်ဘူး။ အရပ်သားစီး (အိမ်စီးကားတွေ) ခေါ်ပြီးတိုက်သွားတာ ထင်တယ်။ ပင်းဘောဘက် ခေါ်သွားတာ”
အလားတူပဲ မနေ့ညနေပိုင်းကလည်း နမ္မတီး – မြစ်ကြီးနားကားလမ်းမပေါ်က နမ္မတီးကျောက်တောင်မှာ စစ်တပ်ဘက်က ခရီးသွားပြည်သူတွေကို ဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို လမ်းခရီးမှာ ဖမ်းဆီးခံရသူတွေကို ရိုက်နှက်နှိပ်စက်မှုတွေလည်းရှိခဲ့ပြီး ဖမ်းဆီးမှုလုပ်ရာတွင် ပြည်သူ့စစ်တွေအဓိက လုပ်ဆောင်နေတယ်လို့ ၎င်းရဲ့ မိသားစုဝင်တစ်ဦး ဖမ်းဆီးခံရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မိုးကောင်းမြို့မှာလည်းပဲ ပြီးခဲ့တဲ့ တနင်္လာနေ့ ညကတည်းက ပြည်ထောင်စုလမ်းမကြီး တကြောမှာ ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လူငယ်အချို့ကို ဖမ်းဆီးသွားတယ်လို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“၂ ညဆက်တိုက် စစ်တပ်ကစစ်မှုမထမ်းမနေရ ထောက်ခံတဲ့ပွဲမလုပ်ခင် ၂ ရက် အလိုကတည်းက ဆက်တိုက်ဖမ်းနေတာ။ ဒီနေ့တော့ တော်တော်များသွားပြီလေ။ နန်းခွင်ဘက်မှာရော။ နမ္မတီးဘက်မှာရောဆိုတော့ တော်တော်များသွားပြီပေါ့။”
စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်ဒေသဖြစ်တဲ့ ကချင်ပြည်နယ်ဘက်ကို သွားမယ့်ခရီးသည်လူငယ်တွေကို မန္တလေးတိုင်းက စစ်ဆေးရေးဂိတ်တွေ၊ စစ်ကိုင်းတိုင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ ကချင်ပြည်နယ်ထဲက လမ်းကြောတွေမှာ ရှောင်တခင်ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။