အင်းတော်မြို့ စစ်ခုံရုံးမှ အမျိုးသား ၇ ဦးအားပြစ်ဒဏ်ချမှတ်ခဲ့
21 February2024 – Kachinwaves
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် KIA၊ KPDF အဖွဲ့တို့အား ရိက္ခာ၊ ငွေကြေးနှင့် ပစ္စည်းများ ထောက်ပံ့ပေးသူဟုဆိုကာ အောင်မိုင်ဆိုသူအပါအဝင် ၃ ဦးအား ထောင်ဒဏ်တသက်ချမှတ်ခဲ့ပြီး ထောင်ဒဏ်အသီးသီး ချမှတ်ခံရသူများလည်းရှိေကြာင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က အင်းတော်စစ်ခုံရုံးတွင် ထောင်ဒဏ်တသက် ၃ ဦး၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်တစ်ဦး၊ ထောင်ဒဏ် ငါးနှစ် ၂ ဦးနှင့် သုံးနှစ် ၁ ဦး စသဖြင့် စုစုပေါင်း ၇ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာဖြစ်သည့် Fifty 2 News တွင် ဖော်ပြထားသည်။
KIA၊ KPDF အဖွဲ့တို့အား ရိက္ခာနှင့်ငွေကြေး၊ပစ္စည်းများ ထောက်ပံ့ပေးသူဟုဆိုကာ အောင်မိုင်ဆိုသူအား ပုဒ်မ (၅၀) ည၊ (၅၂)က များဖြင့် တရားစွဲခဲ့ပြီး ထောင်ဒဏ်တသက်ချမှတ်ခဲ့ပြီး အောင်မိုင်နှင့်အတူ တွဲဖက်ဖမ်းဆီးရမိသူကိုလည်း အကြမ်းဖက်သမားများရှိကြောင်း သတင်းပေးပျက်ကွက်ခဲ့သည်ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၃ နိုဝင်ဘာလလယ်လောက် အင်းတော်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသော နဘားဒေသခံ အကြီးလေး (ခ) အောင်ကိုကိုလွင်နှင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ဖမ်းဆီးခံခဲ့ရသည့် အင်းတော်မြို့ခံ ကိုရာဇာထွန်း ဆိုသူကိုလည်း အကြမ်းဖက်ဥပဒေပုဒ်မတပ်ကာ ထောင်ဒဏ်တသက်စီ ချမှတ်ခဲ့ေကြာင်း သိရသည်။
ထို့နောက် SSPP/SSA တို့အား တပ်သားသစ်စုဆောင်းသည်ဟုဆိုကာ စိုးပြည့်လျှံ (ခ) ဆေဟန်ဖနှင့် ထွန်းထွန်းနိုင် (ခ) ဆေးလုံးဆိုသူအား ထောင်ဒဏ် ၅ နှစ်နှင့် အင်းတော်မြို့ပေါ်နေ ညီညီလင်းထွဋ် ဆိုသူအားလည်း သစ်သားဓားရိုးတပ် ဓားဦးချွန်တစ်လက် ကိုင်ဆောင်သည်ဟုဆိုကာ လက်နက်ဥပဒေပုဒ်မ (၂၃) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ေကြာင်းလည်း သိရသည်။
၎င်းတို့အားလုံးအနက် ကိုရာဇာထွန်းနှင့် ကိုအောင်ကိုကိုလွင်မှလွဲလျှင် အခြားသူများမှာ မည်သည့်အချိန်က မည်သို့ဖမ်းဆီးခံလိုက်ရသည်ကို မသိရှိရကြောင်း Indaw Revolution – IR အဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။
အင်းတော်ဒေသတွင် လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ကိုရာဇာထွန်းမှလွဲပြီး အခြားသူများကို မသိရှိကြောင်း ယခုကဲ့သို့ ဆိုသည်။
“ကျန်တဲ့လူတွေတော့ မြို့နယ်ကလည်း မသိဘူးတဲ့ဗျ။ ကြောက်အောင်လို့ လျှောက်ခြောက်တာနေမှာလို့တော့ ပြောကြတာပဲ။ ကျွန်တော်တို့မြို့နယ်က သတင်းပိုင်းအားနဲတာလည်း ပါတာပေါ့ဗျာ။”
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ဖမ်းဆီးခံရသူအများအပြားရှိပြီး သေဒဏ်၊ ထောင်ဒဏ်တစ်သက်နှင့် တစ်သက်တစ်ကျွန်းချမှတ်ခံရသူများလည်း ရှိသည်။