ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း ဘာတွေပြောင်းလဲသွားလဲ
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
21 February 2024 – Kachinwaves
မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ AA၊ MNDAA နဲ့ TNLA တို့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်မြောက်ပိုင်းမှာ စတင်ပြီးနောက်ပိုင်း မြန်မာပြည်က ဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေလည်း ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်နေခဲ့ပါတယ်။
အလားတူ ကချင်ပြည်နယ်မှာလည်းပဲ ကချင့်လွတ်မြောက်ရေးတပ် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကချင်နဲ့ ရှမ်းမြောက်မှာ အခွင့်အခါကြုံတုန်း စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြပြီး နယ်မြေစိုးမိုးရေး အောင်မြင်မှုတွေ ရယူခဲ့ပါတယ်။
KIA ပူးပေါင်းအဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးမစတင်မီ အောက်တိုဘာလပိုင်းကစပြီး စခန်းသိမ်း ထိုးစစ်ဆင်တိုက်ပွဲကြီးတွေ စတင်နေတာကို မြင်နေရပြီ ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးစတင်ပြီး နောက်ပိုင်းမှာတော့ KIA ရဲ့ ထိုးစစ်ဆင်လှုပ်ရှားမှုကို ပိုမိုတွေ့မြင်လာရသလို ၃ လကျော်ကာလအတွင်းမှာပဲ ကချင်ဒေသအတွင်းက စစ်ရေးအရရော၊ ကုန်သွယ်ရေးအရရော ဗျူဟာကျတဲ့နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့ဘက်က တိုက်ခိုက်ထိန်းချုပ်လိုက်တာကို တွေ့မြင်ရပါတယ်။
စခန်းသိမ်းရုံသာမက နယ်မြေဒေသစိုးမိုးရေး တိုက်ပွဲတွေအထိ ဖော်ဆောင်နေတာဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာလကတော့ မြစ်ကြီးနားမြို့နယ်ထဲက တာလောကြီးဒေသကို စတင်ထိန်းချုပ်နိုင်ခဲ့ပြီး၊ ဆင်ဘိုဒေသကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။ ဒါတွေအပြင်ကိုပဲ မံစီမြို့နယ်၊ မံဝိန်းကြီးဒေသက စစ်တပ်ကုန်းနဲ့ ရဲစခန်းကို ဖေဖေါ်ဝါရီလ တတိယအပတ်က သိမ်းပိုက်လိုက်ပြီးနောက် မံဝိန်းကြီးဒေသဟာ KIA ရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်လာပါတယ်။
အခုလို KIA စိုးမိုးနယ်မြေဒေသအသစ်တွေ ပေါ်ထွက်လာရုံသာမကဘဲ ၂၀၁၁ ခုနှစ် ကချင်တကျော့ပြန် စစ်ပွဲတုန်းက စစ်တပ်ခြေကုပ်ယူခဲ့တဲ့ KIA စစ်စခန်းတွေကိုပါ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့က သိမ်းယူနိုင်ခဲ့တဲ့ စစ်ကိုင်း – ကချင်အစပ်၊ တနိုင်းမြို့နယ် တလူးဒေသမှာရှိတဲ့ ရေလမ်းကြောင်းအရ အရေးပါတဲ့ဗျူဟာကျတဲ့ စစ်စခန်းနဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တဲ့ မံစီမြို့နယ်ထဲက ပလောင်ဒိန်ဆာ တောင်ကုန်းတွေဟာ ၂၀၁၁ တကျော့ပြန်စစ်ကာလတုန်းက KIA ဆုတ်ခွာခဲ့ရတဲ့ စခန်းတွေဖြစ်ပြီး အခုတော့ပြန်လည်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ဒါတွေအပြင်ကိုပဲ ဒီနောက်ပိုင်းသိသိသာသာ မြင်တွေ့လာရတာကတော့ ရှမ်းမြောက် – ကချင်အစပ်မှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စိုးမိုးမှုဟာ ပိုအားကောင်းလာတာကို မြင်ရတာဖြစ်ပါတယ်။ ရှမ်းမြောက် – စစ်ကိုင်း – ကချင်ပြည်နယ်တွေအတွက် အရေးပါတဲ့ မံစီမြိုနယ်မှာ KIA၊ AA နဲ့ KPDF မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီနှစ်လအတောအတွင်းမှာပဲ တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ နယ်စပ်စုပေါင်းဂိတ်စခန်း၊ ဂိုက်ထိပ်စခန်းနဲ့ မံဝိန်းကြီးဒေသအပါအဝင် ဖေဖေါ်ဝါရီ ၁၉ ရက်နေ့က လောလောလတ်လတ် စီခမ်းကြီးရွာက တပ်စခန်းကိုပါ သိမ်းယူခဲ့တာဖြစ်ပါတယ်။ စီခမ်းကြီးစခန်းမှာ ဦးနေဝင်း လက်ထက်ကတည်းက မြန်မာစစ်တပ် အခိုင်အမာအခြေချခဲ့တဲ့ မဆုတ်တမ်းခံစစ်စခန်းဖြစ်ကြောင်း သိရပါတယ်။
အဲ့ဒီမံစီဒေသဟာ ၁၀၂၇ စစ်ဆင်ရေးမှာ လက်သံပြောင်ပြောင်နဲ့ စစ်ကောင်စီကို တော်လှန်ခဲ့တဲ့ TNLA သိမ်းယူထားတဲ့ နမ့်ခမ်းမြို့နယ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် စစ်ကောင်စီဘက်ကလည်း သတိကြီးကြီးထားနေပုံရပြီး၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၅ ရက်နေ့ကပဲ ကချင်နဲ့ရှမ်းမြောက်ကို ဆက်သွယ်ထားတဲ့ တံတားတစ်စင်းကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။
နောက်ထပ် ထူးခြားမှုအနေနဲ့မြင်ရတာက စစ်ကောင်စီရဲ့နိုင်ငံခြား ဝင်ငွေရလမ်းတစ်ခုဖြစ်တဲ့ ကျောက်စိမ်းဒေသ ဖားကန့်မြို့နယ်မှာလည်း KIA ရဲ့ စစ်ရေးဖော်ဆောင်မှုအောင်မြင်နေပြီး ထိန်းချုပ်ကျေးရွာတစ်ခု ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဖားကန့် – အင်းတော်ကြီး လမ်းကြောင်းပေါ်က ဝှေခါကျေးရွာက ရဲစခန်း၊ စစ်တပ်ကုန်းနဲ့ ဗျုဟာကုန်းတွေကို ဇန်နဝါရီလမှာ သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဖားကန့် – မိုးကောင်းလမ်းပေါ်က နန့်တိန်းစခန်းကိုလည်း ဖေဖော်ဝါရီလအစမှာ သိမ်းပိုက်လိုက်နိုင်တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကချင်ဒေသရဲ့ စစ်ရေးအခြေအနေကို ဆန်းစစ်ကြည့်ရင် အထူးတလည်မြင်တွေ့ရမှာက စစ်ရေးနဲ့ စီးပွားရေးအတွက် အရေးပါတဲ့ ဒေသတွေမှာ KIA နဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုအားကောင်းလာတာကို တွေ့ရပြီး ထိန်းချုပ်နယ်မြေတွေ ထွက်ပေါ်လာတာကို မြင်ရပါတယ်။ ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ အပစ်ရပ်ထားချိန်မှာလည်း KIA က တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေတာကို မြင်နေရပြီး ဆက်လက်ပြီး စခန်းသိမ်းတိုက်ပွဲတွေနဲ့အတူ ထိန်းချုပ်နယ်မြေအသစ်တွေ ထွက်ပေါ်လာမယ့် အလားအလာတွေကိုလည်း တွေ့မြင်နေရပါတယ်။