အင်အားဖြည့်ကာ စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့
20 February 2024 – Kachinwaves
စစ်ကိုင်းတိုင်း မော်လူးမြို့သို့ စစ်ကြောင်းထိုးမည်ဟု အသံထွက်နေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ နဘားလမ်းဆုံအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ယနေ့ မွန်းလွဲ ၁ နာရီခန့်မှစတင်ပြီး မွန်းလွဲ ၂ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု Indaw Revolution-IR အဖွဲ့၏တာဝန်ရှိသူက ဆိုသည်။
“ဖြစ်တာတစ်နာရီခွဲလောက်တော့ ကြာမယ်။ သူတို့ (စကစ) ဘက် အင်အားအများအပြားနဲ့ နဘားလမ်းဆုံဘက် စစ်ကြောင်းလှုပ်ရှားနေတာကြာပြီ အခုမှဖြစ်တာ။”ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေချိန် အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး အင်းတော် – မော်လူးကားလမ်းပိုင်းလည်း ခဏပိတ်သွားခဲ့သည်ဟုလည်း ဆက်ပြောသည်။
၎င်းတိုက်ပွဲအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကျောင်သားတပ်မတော် (ABSDF) နှင့် KPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိနဘားရွာထဲတွင် စစ်ကောင်စီအင်အား ၂၀၀ ကျော်နီးပါးရှိနေပြီး မကြာခဏ စစ်ကြောင်းလှုပ်ရှားမှုများရှိနေကာ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မော်လူးနယ်အား ပြန်လည်ရယူရေး ထိုးစစ်ဆင်မည်ဟု အသံထွက်နေဆဲ ဖြစ်သည်။