စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးမှုများပြီး သေဆုံးအလောင်းထဲ အမျိုးသမီးအလောင်းတွေ့ရ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း ကျဆုံးမှုရှိ
20 February 2024 – Kachinwaves
မံစီမြို့နယ်၊ စီခမ်းကြီးတိုက်ပွဲတွင် KPDF တပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ပြီး အရပ်သား ၄ ဦး၏ ရုပ်အလောင်းတို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ခဲ့စဉ် တွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဖေဖေါ်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်နေ့၊ ၂ ရက်တည်းတွင်ပင် ဗုံးအလုံးရေ ၇၀၀ ကျော် ကြဲချခဲ့သည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကျဆုံးမှု များရခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်ထံမှတစ်ဆင့် သိရသည်။
“၉ ယောက်ကျတာ သေချာတယ်။ ၃ ယောက်ပျောက်နေတယ်။ သူငယ်ချင်းနဲ့ ညီတွေ။ တော်တော်အထိနာတယ်။”
၎င်းတို့ ၉ ဦးအပါအဝင် အခြားတော်လှန်ရေး တပ်ဖွဲ့ဝင်များလည်း ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။ တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး၏ ရုပ်အလောင်းများကို တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
စီခမ်းကြီးစခန်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့မှ ပြေးလာသည့် စစ်ကောင်စီတပ်များအပါအဝင် အင်အား ၃၀၀ ခန့်နှင့် ခမရ ၃၁၉၊ ခလရ ၂၂၃၊ ခလရ ၂၇၆ နှင့် ခလရ ၁၅ စသည့်တပ်ရင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားနေသည့် စခန်းဖြစ်ကြောင်း KPDF နှင့် နီးစပ်သူသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်ကလည်း အကျအဆုံးများပြီး နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းဆယ်ဂဏန်းတွေ့ရှိရကာ အမျိုးသမီးအလောင်းလည်း ပါဝင်ကြောင်း သိရှိရသည်။
တိုက်ပွဲစတင်ခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှစပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ရာ တိုက်လေယာဉ် သာမကဘဲ Y- 8 နှင့် Y – 12 လေယာဉ်များကိုပါ အသုံးပြုပြီး ဗုံးကြဲခဲ့သည်။
သို့သော်လေကြောင်း တိုက်ခိုက်မှုကြားမှ စီခမ်းကြီးတပ်စခန်းနှင့် တပ်ကုန်းကို ယမန်နေ့နံနက်က KIA၊ KPDF၊ AA မဟာမိတ်တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း ရရှိခဲ့ကြောင်း သိရသည်။