စကစ နှင့် SNA တပ်ပူးပေါင်းပြီး စစ်ကိုင်းတိုင်းက ထိန်းချုပ်နယ်မြေများကို ထိုးစစ်ဆင်မည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေရသည်ဟုဆို
19 February 2024 – Kachinwaves
စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေများအား စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့က ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားလျှက်ရှိကြောင်း နယ်မြေခံတော်လှန်ရေး ရဲဘော်များထံမှ သိရသည်။
တော်လှန်ရေးဘက်မှ နယ်မြေစိုးမိုးမှုရယူထားသည့် ဗန်းမောက်တောင်ပိုင်းနှင့် ဗန်းမောက်မြောက်ပိုင်းတို့အား ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ ဦးဆောင်ကာ စစ်ကောင်စီနှင့် ပူးပေါင်းပြီး ၎င်းတို့ ပြန်လည်ထိန်းချုပ်နိုင်ရန် ပြင်ဆင်နေသည်ဟု စစ်ကိုင်းတိုင်းအထက်ပိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ဒီ ၂ လအတွင်း ပြန်ပြီးထိန်းချုပ်မယ်ဆိုပြီးတော့ ကြားနေရတယ်။ တကယ်လည်း ဟုတ်ချင်ဟုတ်မယ်။ အခုတောင် ကိုယ့်ဘက်က ရထားတဲ့နေရာတွေကိုတောင် SNA တပ်က အထိုင်ချလိုက်ပြီ။”ဟု ဆိုသည်။
ယခင်က တော်လှန်ရေးအဖွဲ့တို့၏ ထိန်းချုပ်နယ်မြေဖြစ်ခဲ့သည့် ဗန်းမောက်အနောက်ပိုင်းရှိ ကြောင်လည်ရွာနှင့် ပင်ဟင်းခါးရွာအား SNA တပ်က ဖေဖော်ဝါရီလ ပထမပတ်တွင် ပြန်လည်တပ်စွဲထားလိုက်ပြီကြောင်း သိရသည်။
ထို့ပြင် မြို့သိမ်းတိုက်ပွဲဖြစ်ပွါးခဲ့သည့် အင်းတော်မြို့နယ်၊ မော်လူးမြို့ကိုလည်း စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိုးစစ်ဆင်မည်ဟု အသံထွက်နေသည့်အတွက် ဒေသခံများ ထိပ်လန့်နေကြောင်းလည်း သိရသည်။
“တခြားမြို့သိမ်းထားတဲ့ နေရာတွေလည်း စစ်ကြောင်းထိုးခံနေရတော့ ကျွန်တော်တို့ဘက်လည်း သေချာပေါက် ထိုးလာနိုင်ပါတယ်။”ဟု မော်လူးဒေသခံတစ်ဦးက ဆိုသည်။
အင်းတော်မြို့တောင်ဘက် နဘားရွာထဲနှင့် နဘားလမ်းဆုံတွင်လည်း စစ်ကောင်စီအင်အား ၂၀၀ နီးပါးရောက်ရှိနေပြီး စစ်ကြောင်းလှုပ်ရှားမှုများလည်း ရှိနေကြောင်း Indaw Revolution – IR အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ငြိမ်နေပြီးနောက်ပိုင်း စစ်ကောင်တပ်များမှာ မြန်မာပြည်အလယ်ပိုင်းသို့ ထိုးစစ်ဆင်မှု ပိုမိုလုပ်ဆောင်နေပြီး စစ်ကောင်စီလက်အောက်မှ ပထမဆုံး သိမ်းယူနိုင်ခဲ့သည့် ကောလင်းမြို့ကိုလည်း တော်လှန်ရေးအဖွဲ့မှ ပြန်လည်လက်လွတ်လိုက်ရသည်။