KIA နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထားသော ဆင်ဘိုမြို့သို့ လက်နက်ကြီးဖြင့် လှမ်းပစ်နေသည့် စကစ စခန်းကုန်းကို တိုက်ခိုက်နေ
19 February 2024 – Kachinwaves
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့မှ စစ်ကောင်စီတပ်၏ ခမရ ၁၄၁ တပ်စခန်းနှင့် မြို့ကို KIA ပူးပေါင်းအဖွဲ့က ထိန်းထားနိုင်ပြီဖြစ်ပြီး စစ်တပ်ကုန်းတစ်ခုကိုသာ သိမ်းရန်ကျန်ရှိနေကြောင်း ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်မှ တစ်ဆင့် သိရသည်။
KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဆင်ဘိုမြို့သိမ်းတိုက်ပွဲတွင် မြို့နှင့် ခမရ ၁၄၁ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ရရှိထားပြီဖြစ်ပြီး ကျန်ရှိသည့်စစ်တပ်ကုန်းတစ်ခုမှ လက်နက်ကြီးများဖြင့် ခုခံပစ်ခတ်နေသည်ဟု သိရသည်။
“မြို့နဲ့စစ်တပ်ကိုတော့ ရထားပြီ။ တပ်ကုန်းကျန်နေတာ။ အဲ့ကနေ ၄၀ မမ၊ ၆၀ မမနဲ့ ခံပစ်နေတာ။ ရတော့မှာ မကြာတော့ဘူး။”ဟု KPDF တပ်ဖွဲ့ဝင်က ဖြေကြားသည်။
စစ်ကောင်စီအနေဖြင့် ရေလမ်းကြောင်းဖြင့်သာ သွားလာ၍ရသည့် ဆင်ဘိုမြို့သို့ စစ်အင်အားဖြည့်တင်းရန် ခက်ခဲသည့် အခြေအနေတွင် ရှိနေကြောင်းလည်း သိရသည်။
ဆင်ဘိုမြို့သည် ဗန်းမော် – မြစ်ကြီးနားကြား ဧရာဝတီမြစ်ကြောင်း ကမ်းနံဘေးတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသဖြစ်သည်။
တိုက်ပွဲစတင်သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ မြို့ကိုထိန်းချုပ်နိုင်ခဲ့သော်လည်း မြို့နှင့် ၃ မိုင်အကွာရှိ ခမရ (၁၄၁) တပ်စခန်းအား ယခုရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။