စီခမ်းကြီးစခန်းကို လေကြောင်းဖြင့်အကြီးအကျယ် ခုခံကာကွယ်သည့်ကြားမှ KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်
19 February 2024 – Kachinwaves
ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေဆက်စပ်ဒေသအတွက် အရေးပါသည့် စီခမ်းကြီးစခန်းကို လက်မလွတ်ရေးအတွက် စစ်ကောင်စီက တစ်ရက်အတွင်း လေယာဉ်အမျိုးအစား အမျိုးမျိုးဖြင့် ၂၆ ကြိမ်အထိ တိုက်ခိုက်ခုခံနေသည့်ကြားမှ KIA နှင့် မဟာမိတ်တပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့တစ်ရက်တည်းမှာပင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂၆ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း KIO သတင်းပြန်ကြားရေးက သတင်းဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီ၏ စခန်းမှာ ဗျူဟာကျအရေးပါသည့် စခန်းဖြစ်သောကြောင့် စစ်ကောင်စီက လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် ခုခံကာကွယ်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ စီခမ်းကြီးစခန်းကို သိမ်းပိုက်နိုင်ကြောင်းကို ၎င်းက သတင်းမရရှိသေးကြောင်းလည်း ပြောပါသည်။
“တိုက်ပွဲပြင်းထန်နေတုန်းပဲ ဖြစ်ပါတယ်။ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ စခန်းကြီးဖြစ်ပါတယ်။ တော်တော်လည်း ဗျူဟာကျတဲ့စခန်းကြီး ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်ကနေလည်း အခု ၃ ရက်ရှိပါပြီ လေကြောင်းနဲ့ပစ်ကူတာ”ဟု ဆိုသည်။
အရေးကြီးသည့် စခန်းဖြစ်သည့်အလျောက် လေကြောင်းတိုက်ခိုက်ရာတွင် တိုက်လေယာဉ် သာမက Y- 12၊ Y – 8 လေယာဉ်များကိုပါ အသုံးပြုပြီး တိုက်ခိုက်မှုပြုလုပ်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
တိုက်ပွဲတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ K-PDF နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်တိုက်ခိုက်နေသည်ဟု ကြားသိရပြီး လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
TNLA သိမ်းယူထားသည့် နမ့်ခမ်းမြို့နယ်နှင့် တိုက်ရိုက်ထိစပ်နေသည့် မံစီမြို့နယ်အတွင်း KIA နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ဗျူဟာကျသည့် ဂိုက်ထိပ်စခန်း၊ ပလောင်ဒင်ဆာကုန်း၊ နယ်စပ်စုပေါင်းဂိတ်နှင့် မံဝိန်းကြီးဒေသမှ စစ်ကောင်စီရဲစခန်းနှင့် စစ်စခန်းများကို ၂၀၂၄ ခုနှစ်၏ ပထမနှစ်လတာအတွင်း သိမ်းယူနိုင်ခဲ့သည်။