စစ်ကောင်စီက ရွှေပြည်အေးမြို့အား ဒုတိယအကြိမ် ပြန်လည်ထိုးစစ်ဆင်နေ၊ တော်လှန်ရေတပ်ဖွဲ့ဘက်ကလည်း စကစ စခန်းအား တိုက်ခိုက်နေ
18 February 2024 – Kachinwaves
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း ဟုမ္မလင်မြို့နယ် ရွှေပြည်အေးမြို့အား ရှမ်းနီလူမျိုးများတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ်ဖွဲ့များမှ ထပ်မံထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲဖြစ်နေကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များထံမှ သိရသည်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်ပြီး ရွှေပြည်အေးမြို့အား အင်အား ၃၀၀ ခန့်ဖြင့် ဒုတိယအကြိမ် ထိုးစစ်ဆင်နေကြောင်း နယ်မြေခံရဲဘော်တစ်ဦးက ပြောသည်။
“စကစ ဘက်က ပြန်ပြီးထိုးစစ်ဆင်နေတာ ဒီနေ့ရောဆို ၅ ရက်ရှိပါပြီ။ စစ်ရေးကတော့ နှစ်ဖက်တင်းမာ နေပါတယ်။”ဟု ၎င်းရဲဘော်က ဆိုသည်။
ရွှေပြည်အေးမြို့ဘက် စစ်ကောင်စီက ထိုးစစ်ဆင်နေစဉ်မှာပင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် တော်စီရွာရှိ SNA နှင့် စစ်ကောင်စီစခန်းကုန်းအား တိုက်ခိုက်နေကြောင်း သိရသည်။
စတင်ဖြစ်ပွားနေသည်မှာ ၃ ရက်ရှိပြီဖြစ်ကြောင်းသိရပြီး စစ်ကောင်စီဘက်မှ အထိအခိုက် အကျဆုံးများနေကာ ဇီးပင်သာရွာကိုလည်း မီးရှို့ဖျက်ဆီးနေကြောင်း ပြောသည်။
“Mi-2 (ရဟတ်ယာဉ်) နဲ့ တစ်နေကုန် တက်လိုက်ချလိုက်ပါ့။ ခွေးတွေဘက်က အကျများတယ်ပြောတယ်။ အတိအကျတော့ မပြောတတ်ဘူး။ မနေ့က စခန်းတက်သိမ်းရင်း ကိုယ်ဘက်ကတော့ တစ်ယောက်ကျသွားတယ်။”ဟု နယ်မြေခံ ရဲဘော်တစ်ဦးက ဆိုသည်။
စစ်ကောင်စီဘက်မှ အထိအခိုက်များနေသည့်အတွက် ဒရုန်းအပြင် လေကြောင်းပစ်ကူပါ ပေးနေကြောင်းလည်း သိရသည်။