မြစ်ကြီးနားမြို့တွင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်များအပြင်ထွက်ရန် ကြောက်ရွံ့နေရ
15 February 2024 – Kachinwaves
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီရက်ပိုင်းအတွင်း စစ်တပ်ဘက်က တပ်သားသစ်စုဆောင်းရေး လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် လူငယ်တွေကြောက်ရွံ့နေကြကြောင်း သိရပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့တွင်းက လမ်းထောင့်လမ်းဆုံနေရာတွေမှာ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် လူငယ်တွေအပြင်ထွက်ဖို့ ကြောက်ရွံ့နေတယ်လို့ မြို့ခံလူငယ်တစ်ဦးက ဆိုပါတယ်။
“ညီမတို့သင်တန်းမှာ မနေ့ကဆိုတစ်ဝက်တောင် လူမလာဘူး။ အဲ့ဒီသတင်းကြောင့်လေ။ ဆွဲတယ်ဆိုတဲ့သတင်းကြောင့် ကြောက်ပြီးမလာဘူး။ အဲ့တာကြောင့် ဆရာမတွေတောင် Zoom class ပဲပြောင်းမလား၊ အခြေအနေငြိမ်တဲ့အထိ ပိတ်ထားမလားဆိုပြီး အဲ့လိုမျိုးတွေဖြစ်တာ”
စီတာပူလမ်း၊ အထက ၁ လမ်းဆုံ၊ အောင်နန်းရပ်ကွက်၊ ပလန ရပ်ကွက်၊ အင်ဂျန်ဒုံရပ်ကွက်၊ ဒူကထောင်ရပ်ကွက် စတဲ့ ရပ်ကွက်တော်တော်များများမှာ ဆိုင်ကယ်ဖမ်းဆီး စစ်ဆေးသလိုပုံစံမျိုးနဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်တယ်လို့ သူကဆိုပါတယ်။
“ဆိုင်ကယ်ဖမ်းသလိုနဲ့ ဆွဲတာလို့ပြောတယ်။ မိန်းကလေးလည်း ပါသွားတယ်လို့ ပြောတယ်။ ပြီးတော့ ၁၀ တန်းကျောင်းသားကို ဆွဲမိတာ၊ သိန်း ၃၀ နဲ့ လာရွေးခိုင်းတယ်တဲ့”
ညပိုင်းတွေမှာလည်း ကင်းပုန်းဝပ်ပြီး ဖမ်းဆီးတာတွေရှိတယ်လို့ အမျိုးသားတစ်ဦးကလည်း ဆိုပါတယ်။
“ညဘက်မြို့ပေါ် လမ်းကြို၊ လမ်းကြားမှာ ကင်းပုန်းဝပ်စောင့်ဖမ်းတယ်ကြားတယ်။ တပ်နဲ့ရဲ၊ ပြည်သူ့စစ်ပါတယ်။ အရပ်ဝတ်နဲ့လည်းပါတယ်”
ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီ စတင် အာဏာတည်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လူငယ်ထုကြားမှာ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
နိုင်ငံရပ်ခြားသွားဖို့ အလောတကြီးပြင်ဆင်နေတဲ့ လူငယ်တွေရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲဝင်ဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင် လွတ်မြောက်နယ်မြေတွေဘက် ခိုလှုံဖို့စီစဉ်နေကြတဲ့သူတွေလည်း ရှိကြပါတယ်။
စစ်ကောင်စီကို တော်လှန်လိုတဲ့ လူငယ်တွေအနေနဲ့ကတော့ ကချင်ပြည်နယ်တွင်းက တော်လှန်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ ရွှေကူ KPDF၊ မိုးကောင်း KPDF၊ ခါကာဘို KPDF၊ ဗန်းမော် PDF စတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း လာရောက်ဆက်သွယ်နိုင်ကြောင်း စာထုတ်ပြန်ထားကြပါတယ်။