မြိုနယ်ဆက်လမ်းတံတားနဲ့ ကျေးရွာတံတားကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီး
15 February 2024 – Kachinwaves
ကချင်ပြည်နယ်၊ မံစီမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ဆက်သွယ်ထားတဲ့ တံတားနဲ့ စီအူကျေးရွာက ရွာလယ်တံတားကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မံစီမြို့နယ် စီအူကျေးရွာအလယ်က ကွန်ကရစ်တံတားနဲ့ ရွာအနောက်ဘက်မှာရှိတဲ့ ရှမ်းပြည်နယ်နဲ့ ချိတ်ဆက်ထားတဲ့ သစ်သားဘေလီတံတားကို ဒီကနေ့နံနက် ၁ နာရီခွဲလောက်မှာ ဗုံးကြဲခဲ့တဲ့အတွက် တံတားဟာ အသုံးပြုဖို့ မလွယ်ကူလောက်တဲ့အထိ ပျက်စီးသွားပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ရေးလှုပ်ရှားမှု ရှိမရှိ မသိရှိရသေးပေမယ့် တံတားဖောက်ခွဲဖျက်ဆီးတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လမ်းကြောင်းကို ဖြတ်တောက်ချင်တဲ့အတွက် လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“သူတို့တိုက်ပွဲဖြစ်နေလို့လား။ အဲ့ဘက်မှာကျွန်တော်တို့ KIA တွေ PDF တွေ လှုပ်ရှားနေတာလား။ အဲ့တာ မသိသေးဘူး။ အဲ့တာကြောင့် တံတားကိုဘာကြောင့် ခုလိုမျိုးဗုံးကြဲဖျက်ဆီးလိုက်တာလဲဆိုတာကို သုံးသပ်ဖို့တော့ အခက်အခဲရှိတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ခြုံပြီးမှပြောမယ်ဆိုရင် သူတို့ (စစ်ကောင်စီ) ဆီမှာ ရန်သူမလာနိုင်အောင် တားဆီးတဲ့ပုံစံမျိုးနဲ့ ဒီတံတားကြီးကို ဗုံးကြဲဖျက်ဆီးလိုက်တယ်လို့ ထင်မြင်ယူဆပါတယ်။”
ဒီတံတားဖျက်ဆီးတဲ့လုပ်ရပ်ဟာ ပြည်သူလူထုကို ဒုက္ခပေးတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ဒါ့အပြင် မံစီမြို့နယ်ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နဲ့ တိုက်ရိုက်ထိစပ်နေတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇန်နဝါရီလက မံစီမြို့နယ်အတွင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ ထိုးစစ်ဆင် ဆင်နွှဲခဲ့ပါတယ်။
ဇန်နဝါရီတစ်လအတွင်းမှာပဲ မံစီမြို့နယ်မှာရှိတဲ့ မန်ဝိန်းကြီးရွာ ရဲစခန်း၊ စစ်တပ်စခန်း၊ တရုတ်နယ်စပ်က စုပေါင်းဂိတ်စခန်း၊ ဂိုက်ထိပ် (Kai Htik) စခန်းကုန်းကြီးနဲ့ ပလောင်ဒိန်ဆာကုန်း စတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကျတဲ့စခန်းကြီးတွေကို KIA ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။