သုံးလကျော် ရခိုင်တိုက်ပွဲအတွင်း စကစ ၏ ဒု-ဗိုလ်မှူးကြီးအထက် ၂ ဦးအရှင်ဖမ်းမိ၊ ၂ ဦး သေဆုံး၊ ၁ ဦး အသေအရှင် အတည်မပြုနိုင်
15 February 2024 – Kachinwaves
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ခဲ့၍ ရက္ခိုင်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်ကြား ဖြစ်ပွားလာသည့် သုံးလကျော်တိုက်ပွဲအတွင်း ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ရက္ခိုင်ပြည်၏ မြို့ကြီးများဖြစ်ကြသော ပေါက်တော၊ ကျောက်တော်၊ မင်းပြား နှင့် မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်စခန်းများအားလုံး တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ဖြစ်ကြောင်း AA ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူနှင့် ေသဆုံးခဲ့သူ စစ်ကောင်စီတပ်၏ ဒု-ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်ရာထူးအထိ (၅) ဦးရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ တွေ့ရသည်။
၁။ ဒု-ဗိုလ်မှူးကြီး ညီညီဝင်း
ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဖြစ်သည်။ ၎င်းအားဖမ်းဆီးရမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာရရှိထား၍ သေလုမျောပါးဖြစ်နေသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ရက္ခိုင်တပ်တော် ပြုစုစောင့်ရှောက်မှုကြောင့် အသက်ဘေးမှကင်းလွတ်ခွင့်ရကာ ပြန်လည်ကျန်းမာနေပြီ ဖြစ်သည်။
၂။ ဗိုလ်မှူးကြီး မင်းမင်းထွန်း
တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း ကြည်း/ ၃၁၅၁၄ အား ကယ်ဆယ်ချိန်မရလိုက်ဘဲ သေဆုံးခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြောက်ဦးမှ ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း အသေဖမ်းဆီးရမိခြင်း ဖြစ်သည်။
၃။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ကြည်း/၂၇၉၈၈၊ အသက် (၅၁) နှစ်ကိုလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ နှင့် ၈ ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ AA မှ အရှင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
၄။ ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး
ပလက်ဝဒေသ၌ ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်များအတွင်း စစ်ကောင်စီ၏ နှုံးဘူးဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဗညားပိုင်စိုး၊ ကိုယ်ပိုင်အမှတ် ကြည်း/၃၅၃၄၄ ကိုလည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ် တိုက်ပွဲ ကာလများတွင် သေနတ်ဒဏ်ရာများနှင်အတူ အသေဖမ်းဆီးရမိခဲ့သည်။
၅။ ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ
ပလက်ဝဒေသအခြေစိုက်၊ အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ၊ ကြည်း/၂၇၉၆၇ ကိုမူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုကား လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေးကြောင်း ရက္ခိုင်တပ်တော် (AA) က ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီလည်းကောင်း၊ လက်နက်ချအညံ့ခံသောသူများကိုလည်း လက်နက်ချအညံ့ခံသောသူများအား ဆက်ဆံသောပုံစံဖြင့်လည်းကောင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထား လျက်ရှိသလို၊ ၎င်းတို့နှင့်အတူ ပါလာသော မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အရပ်သားများကိုလည်း ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း ပါရှိသည်။
အခြားသော စစ်သုံ့ပန်းများ၊ စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သောသူ များ၏ အသက်နှင့် ခန္ဓာကိုလည်း AA ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များမှ အကောင်းဆုံး ကယ်တင်ထားခဲ့ကြောင်း ယမန်နေ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့တွင် ထုတ်ပြန်သော ရက္ခိုင်တပ်တော်၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။