တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် မော်လူးဒေသပြည်သူများ ကိုယ်ထူကိုယ်ထ ကျေးရွာ ကွန်ကရစ်လမ်းခင်း
14 February 2024 – Kachinwaves
တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် အင်းတော်မြို့နယ်၊ မော်လူးမြို့အနောက်ဘက်ရှိ ကျေးရွာလမ်းများကို ပြည်သူများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကွန်ကရစ်လမ်းခင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။
လေးတန်ချောင်းရိုးတစ်လျှောက်ရှိ သက်ရင်းတာ၊ ပဲခူးနှင့် မလူး စသည့် ကျေးရွာလမ်းများအား ကိုယ်ထူကိုယ်ထ ခင်းခဲ့ကြောင်း သိရသည်။
၎င်းရွာများကို ဖြတ်သန်းပြီးသွားရသည့် ကျေးရွာပေါင်း ၃၀ နီးပါးရှိပြီး ပြည်သူများထောင်နှင့်ချီ သွားလာအသုံးပြုနေသည့်လမ်းဖြစ်သဖြင့် သွားလာရလွယ်ကူစေရန် ဖြစ်သည်ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။
“မိုးတွင်းဆို အဲ့လမ်းက ပျက်တယ်။ သွားလာရလည်း ခက်ခဲတယ်။ လေးတန်ချောင်းကလည်း မိုးရွာရင် ရေတအားကြီးတော့ ရေကရွာထဲထိတက်ပြီး လမ်းတွေအကုန်တိုက်စားကုန်တာ အဲ့တာမို့ ခင်းတာပါ့။”
ဤလမ်းအား လေးတန်ချောင်းရိုးတစ်လျှောက် ကျေးရွာများမှ ရပ်ရွာရန်ပုံငွေများဖြင့် မတည်ကာ ၎င်းဒေသမှ ပြည်သူများ၏ အလှူငွေများဖြင့် ခင်းသည့်ကွန်ကရစ်လမ်းဖြစ်ကြောင်း ကျေးရွာလူကြီးတစ်ဦးမှ ပြောသည်။
“ကျွန်တော်တို့ရွာရဲ့ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေလေး သိန်း ၂၅၀ ကို မတည်ပြီးတော့ တခြားပြည်သူတွေရဲ့ အလှူငွေလေးတွေနဲ့ ခင်းခဲ့တာ တခြားရွာလမ်းတွေလည်း အဲ့လိုပဲ ကိုယ်ရွာသူ့ရွာ ရန်ပုံငွေလေးတွေနဲ့ ကိုယ်လမ်းသူ့လမ်း ကိုယ်စီခင်းကြတာပေါ့”ဟု မလူးကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။
၎င်းလမ်းသည် အင်းတော်မြို့နယ် မော်လူးဒေသမှ ပြည်သူများသာမက ဗန်းမောက်မြို့နယ် မြောက်ပိုင်းမှ ပြည်သူများကလည်း အသုံးပြုသွားလာနေသည့် လမ်းဖြစ်ကြောင်းလည်း သိရသည်။
အင်းတော်မြို့နယ် မော်လူးမြို့ (မော်လူးဒေသ) သည် ကျေးရွာပေါင်း ၃၀ ကျော်တည်ရှိကာ လူဦးရေ ၂ သောင်းကျော် နေထိုင်ကြောင်း သိရသည်။