လူငယ်တွေကို အချိန်နဲ့အမျှ ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
14 February 2024 – Kachinwaves
အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ဆယ်ရက်နေ့ကို “ပြည်သူ့စစ်မှုထမ်းဥပဒေ” စတင်အာဏာတည်တဲ့ရက်အဖြစ် သတ်မှတ်လိုက်ပြီး ဥပဒေကို အသက်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ ၎င်းဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈ ကနေ ၃၅ နှစ်ကြား၊ အမျိုးသမီးဆိုရင် ၁၈ ကနေ ၂၇ နှစ်ကြားရှိ နိုင်ငံသားတွေဟာ ခြွင်းချက်အရကင်းလွတ်ခွင့် ရှိသူတွေကလွဲရင် စစ်မှုမထမ်းမနေရ ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အဆိုပါဥပဒေကို အသက်သွင်းလိုက်တဲ့ သတင်းဟာ အာဏာသိမ်းတဲ့နေ့က အင်တာနက် ဖြတ်တောက်ခံလိုက်ရသလို လူငယ်တွေကြားမှာ ဂယက်ရိုက်ခတ်နေပါတယ်။ လူငယ်တွေအနေနဲ့ လက်ရှိအချိန်မှာ ဘယ်လိုရွေးချယ်ဆုံးဖြတ်ရမလဲဆိုတာ ဘေးကျပ်နံကျပ် စိုးရိမ်စိတ်နဲ့ နဖူးတွေ့ဒူးတွေ့ နေ့စဉ်ကြုံဆုံနေရတဲ့ကာလ ဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှု အားနည်းတဲ့နေရာတွေမှာ စစ်ကောင်စီရဲ့ ဥပဒေဟာ အသက်ဝင်နေမှာ သေချာပေမယ့် ကချင်ပြည်နယ်လိုမျိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအခြေစိုက်ရာ နယ်မြေဖြစ်ပြီး အားကောင်းတဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရှိတဲ့ ဒေသတွေမှာတော့ စစ်ကောင်စီရဲ့ ဥပဒေဟာ အခြေအနေ အမျိုးမျိုးသို့ တွန်းပို့ပေးနိုင်ပါတယ်။
စစ်မှုထမ်းဥပဒေရဲ့ ရိုက်ခတ်မှုဒဏ်ကို ပထမဆုံးအနေနဲ့ ခံစားရမယ့် ပြည်သူတွေဟာ အထူးသဖြင့် အခြေခံ လူတန်းစားအလွှာတွေ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကချင်စစ်ရေးသုံးသပ်သူက ဆိုပါတယ်။
“ဒီစစ်မှုထမ်းဥပဒေက လက်တွေ့ အကောင်အထည်ဖော်လာတဲ့အခါ ကျွန်တော်တို့ သာမန် မရှိဆင်းရဲသားတွေအပေါ်ပဲ ပိုပြီးသက်ရောက်မှုရှိမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ရှိတဲ့အသိုင်းအဝိုင်းကတော့ ကိုယ့်သား၊ သမီးတွေကို မရ၊ ရတဲ့နည်းနဲ့ နိုင်ငံခြားတွေ ဘာတွေမှာ ပညာသင်စေလွှတ်တဲ့ အပိုင်းတွေရှိမယ်။ ထွက်လို့ရတဲ့နည်းလမ်းတွေ ရှာဖွေပြီးထွက်ကြမယ်။ နောက်ပြီး စစ်မှုထမ်းဖို့ လွတ်ကင်းဖို့အတွက် ကျွန်တော်တို့ပိုက်ဆံတွေ ပေးတာတို့၊ လာဘ်ထိုးတာတို့ ဒီလိုပုံစံနဲ့ပဲ သွားမှာဖြစ်ပါတယ်။ ဒါကြောင့် မရှိဆင်းရဲတဲ့လူတွေပဲ ပိုပြီးထိခိုက်မယ့် အနေအထားရှိပါတယ်”
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအပြင် ကချင်ပြည်နယ်အတွင်းမှာ ၎င်းရဲ့လက်အောက်ခံ အဖွဲ့တွေဖြစ်တဲ့ တိုင်းရင်းသားမျိုးနွယ်စုအမည်ခံ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်အသစ်စုဆောင်းရေး လှုပ်ရှားမှုတွေကလည်း ရှိနေသေးပါတယ်။
ဒါ့အပြင် ကချင်ဒေသမှာ နဂိုကတည်းက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ဘက်ကလည်း ရံဖန်ရံခါ လူသစ်စုဆောင်းမှု ရှိနှင့်ပြီးသားဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မထမ်းမနေရ ဥပဒေအသက်ဝင်လာတာဟာ လူငယ်ပြည်သူတွေကို ဘေးကျပ်နံကျပ်ဖြစ်စေတဲ့ အခြေအနေဖြစ်နေ ဖြစ်လာရပါတယ်။
နဂိုကတည်းက ပြည့်သူ့စစ်ထဲဝင်ရန် ပြည်သူတွေကို ဖိအားပေးလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေအတွက်ကတော့ အဆင်းဘီးတပ်ပေးလိုက်တဲ့ ဥပဒေဖြစ်ပါတယ်။ ဒါပေမဲ့ ချက်ချင်းလက်ငင်းတော့ ကချင်စစ်မျက်နှာပြင်မှာ အဆိုပါဥပဒေကြောင့် သိသိသာသာပြောင်းလဲမှုရှိလာမှာ မဟုတ်ဘူးလို့ ကချင်စစ်ရေးသုံးသပ်သူက ဆိုပါတယ်။
“စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ရေးအခြေအနေကတော့ တအားကြီးပြောင်းလဲမယ်လို့တော့ မထင်ပါဘူး။ ကချင်ဘက်မှာ ပုံမှန် KIO/KIA၊ PDF တွေလည်း နည်းဗျူဟာရှိပြီးသားဆိုတော့ လောလောဆယ်တော့ တိုက်နေမယ့် အနေအထားရှိမယ်။ ချက်ချင်းကြီး ပြောင်းလဲမှုတော့ ရှိမယ်မထင်ပါဘူး။”
ဒါပေမယ့် နှစ်ဆန်းကနေ စစ်ရေးလှုပ်ရှားမှုနဲ့ စခန်းသိမ်းတိုက်ပွဲတွေများလာတဲ့ ကချင်ပြည်နယ်အတွက်ကတော့ စစ်မှုထမ်းဥပဒေကို အသုံးချပြီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲတွေမှာ လူသားဒိုင်းအဖြစ် အသုံးချခံဖြစ်လာရမယ့်အချက်က စိုးရိမ်စရာအချက် ဖြစ်နေပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ကပဲ ဖားကန့်မြို့နယ်အတွင်းက KIA သိမ်းယူထားတဲ့ နန့်တိန်းတပ်စခန်းကို ပြန်လည်အရယူဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လုံးခင်း – နန့်တိန်းကြားမှာ ဖြတ်သန်းနေတဲ့ ခရီးသည်တင်ကားပေါ်က ကားဆရာနဲ့ ခရီးသည်တွေကို ဓားစာခံလူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ နန့်တိန်းမရောက်ခင် ၆ မိုင်ကျေးရွာနားမှာ KIA အဖွဲ့ရဲ့ တိုက်ခိုက်မှုခံရပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကားဆရာ ၂ ဦး တိုက်ပွဲမှာ သေဆုံးခဲ့ရကြောင်း သိရတယ်။
ဒီဖြစ်စဉ်ဟာ စစ်မှုထမ်းဥပဒေပြဌာန်းပြီးတဲ့နောက် ကချင်ပြည်နယ်မှာ လောလောလတ်လတ်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပြီး အာဏာသိမ်းကာလ အတောအတွင်းနဲ့ ကချင်ဒေသတကျော့ပြန်စစ် ကာလတုန်းကလည်း အလားတူ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တွေ ရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် တရားဝင်ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအောက်မှာတော့ စစ်မှုထမ်းအဖြစ် သွတ်သွင်းခံရတဲ့သူတွေဟာ စစ်မြေပြင်မှာ အချိန်မရွေး စစ်ကောင်စီတပ်ရဲ့ အသုံးချခံဖြစ်မယ့် အခြေအနေမျိုးနဲ့လည်း ကြုံတွေ့လာနိုင်တဲ့ အနေအထားရှိပါတယ်။
တကယ်တော့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကြုံတွေ့လာရတဲ့ ပြဿနာဟာ စစ်ရေးဆိုင်ရာတခုတည်း မဟုတ်ဘဲ ပညာရေး၊ စီးပွားရေးနဲ့ ၎င်းတို့နဲ့ ဆက်စပ်နေတဲ့ မိသားစုတွေရဲ့ နေ့စဉ်ဘဝလုံခြုံရေးကိုပါ ထိခိုက်စေတာဖြစ်ကြောင်း Kachinwaves ကနေ မေးမြန်းခဲ့တဲ့ လူငယ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။