စစ်ကောင်စီအလိုကျ ဖွဲ့စည်းတဲ့ ပြည်သူ့စစ် ကိုယ့်လူမျိုးအတွက် ဘာအကျိုးရမှာလဲ
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
7 February 2024 – Kachinwaves
တိုက်ပွဲအရှိန် ပြင်းထန်လာပြီး စစ်ကောင်စီတပ် စစ်အင်အားချိနဲ့မှု မြင်သာလာတဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းကစပြီး ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီ လက်အောက်ခံအဖြစ် ပလဲပနံသင့်နေတဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ ရှမ်းနီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ တပ်သားသစ်စုဆောင်းတဲ့ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာတာကို တွေ့မြင်ရပါတယ်။
ကချင်ပြည်နယ်ထဲမှာ လူမျိုးရေးအခြေပြု ပြည်သူ့စစ်တပ်ဖွဲ့တွေဖြစ်တဲ့ လီဆူ၊ ရဝမ်နဲ့ ရှမ်းနီပြည်သူ့စစ်၊ KIO ခွဲထွက်၊ ဗကပ လက်ကျန်အဖွဲ့ဖြစ်တဲ့ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ NDAK အဆက်နဲ့ ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ရပ်ကျေးအခြေပြု ပြည်သူ့စစ်အဖွဲ့တွေအပြင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ အခြေစိုက်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပါ လှုပ်ရှားနေတာ ဖြစ်ပါတယ်။
ဒီအဖွဲ့တွေထဲကမှ လတ်တလောတပ်ဖွဲ့ဝင်သစ် စုဆောင်းမှုကို အတင်းအဓမ္မပြုလုပ်နေတာကတော့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ဒူးလေးပါတီ ဥက္ကဌဟောင်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ လီဆူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာအတွက် အနိုင်ရရှိခဲ့တဲ့ ဦးရွှေမင်းရဲ့ ပြည်သူ့စစ်အဖွဲ့တွေပဲ ဖြစ်ပါတယ်။
ဒူးလေးပါတီ ဥက္ကဌဟောင်းဖြစ်တဲ့ ဦးရွှေမင်းကတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက မြန်မာနိုင်ငံ လီဆူစစ်တပ် တည်ထောင်ရန်ဆိုတဲ့ခေါင်းစဉ်နဲ့ ဝိုင်းမော်မြို့နယ်အတွင်းက လီဆူကျေးရွာတွေမှာ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ စီမံချက်နဲ့ စတင်စုဆောင်းနေတာ ဖြစ်ပါတယ်။
ရှမ်းနီပြည်သူ့စစ်အဖွဲ့နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကတော့ ဒီနှစ် ဇန်နဝါရီလကစပြီး မိုးညှင်းခရိုင်အတွင်းက မြို့နယ်၊ ကျေးရွာတွေမှာ လူသစ်စုဆောင်းတာကို ခပ်စိပ်စိပ်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဒီနှစ်ဖွဲ့ဟာ လူသစ်စုဆောင်းရာမှာ ကချင် – ရှမ်းနီ၊ ကချင် – လီဆူကြားက လူမျိုးရေးပြဿနာကို အဓိက အသားပေးတဲ့ ဝါဒဖြန့်စကားတွေကို အသုံးပြုပြီး စုဆောင်းနေတာပဲ ဖြစ်ပါတယ်။
လီဆူစစ်တပ်တည်ထောင်မယ်ဆိုတဲ့ ဦးရွှေမင်းက ကျွန်တော်တို့ကို ဝါးမြိုနေတဲ့ KIA ကို တန်ပြန်ကာကွယ်တိုက်ထုတ်ဖို့ လုပ်ဆောင်နေရတာ ဖြစ်တယ်လို့ The 74 Media မှာ ဖြေကြားခဲ့တာကို တွေ့ရပါတယ်။
SNA အဖွဲ့ကတော့ ၂၀၂၂ ခုနှစ်ကစပြီး စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ တပ်သားစုဆောင်းကတည်းက ရှမ်းနီလူမျိုးတွေပေါ် အနိုင်ကျင့်ဗိုလ်ကျချင်တဲ့ KIA ကို တွန်းလှန်ဖို့ခေါင်းစည်းနဲ့ လိုက်လံစုဆောင်းနေတာဖြစ်ပြီး အခုလက်ရှိမှာတော့ မိုးညှင်းခရိုင်အတွင်းက ရှမ်းနီလူမျိုးအများစု နေထိုင်တဲ့နေရာတွေမှာပါ လူသစ်စုဆောင်းနေတာ ဖြစ်ပါတယ်။ ဖေ့ဘုတ်ပေါ်က “ရှမ်းနီကို ဘာလုပ်ပေးလဲ” ဆိုတဲ့ ဝါဒဖြန့်လူမှုစာမျက်နှာတွေမှာလည်း တခြားလူမျိုးအတွက် အသက်ပေးမယ့်အစား SNA အတွက် စွန့်လွှတ်အနစ်နာခံတာက ပိုသင့်တော်ကြောင်း စတဲ့အရေးအသားတွေနဲ့ လူမျိုးရေးဆန်တဲ့ နှိုးဆော်မှုတွေနဲ့ လူသစ်စုဆောင်းနေတာ ဖြစ်ပါတယ်။
လူမျိုးအရ ဒီပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ပါတီတွေဖြစ်တဲ့ လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဟာ စစ်ကောင်စီထံ မှတ်ပုံတင် ပြန်တင်ထားတဲ့ နိုင်ငံရေးပါတီတွေလည်း ဖြစ်ပါတယ်။
မသေချာတဲ့ ရွေးကောက်ပွဲကို ငါးစာအဖြစ်ကျွေးထားပြီး စစ်တပ်လော်ဘီတွေကလည်း လူမျိုးရေးပြဿနာကိုပဲ မီးမောင်းထိုးပြ မီးလောင်ရာလေပင့်နေတဲ့လုပ်ရပ်တွေက တိုက်ပွဲရေချိန်မြင့်လာတဲ့ ကချင်စစ်မျက်နှာပြင်အတွက် အဓိကလိုအပ်တဲ့ လူအင်အားကို ရယူဖို့စစ်ကောင်စီအနေနဲ့ အသုံးပြုလာတဲ့ နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။
ဦးဆောင်သူလူတစ်စုရဲ့ နိုင်ငံရေးအာဏာအတွက် လူမျိုးရေးသမိုင်းကြောင်း မကြေလည်မှုဗန်းပြပြီး ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသလို လူငယ်နဲ့ ပြည်သူတွေကို ပြည်သူ့စစ်အဖြစ် သွပ်သွင်းခြင်းဟာ ကချင်စစ်မြေပြင်မှာ သတိထားစရာ ဖြစ်လာပါတယ်။
KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကလည်း စစ်ကောင်စီဟာ စစ်အင်အားဖြည့်တင်းလိုတဲ့အတွက် ပြည်သူ့စစ်အဖွဲ့တွေကို အတင်းအဓမ္မဖွဲ့စည်းလာနေပြီး တိုင်းရင်းသားမျိုးနွယ်စုတွေ အချင်းချင်းနဲ့ ဒေသခံပြည်သူလူထုအချင်းချင်းကြား သွေးခွဲသပ်လျှိုပေးရန်ကြံရွယ်နေတယ်လို့ ၆၃ နှစ်မြောက် KIA ဖွဲ့စည်းခြင်း နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကချင်လူမျိုးတွေနဲ့ ကချင်ပြည်နယ်သားတွေကို ပြည်သူ့စစ်ထဲ မပါဝင်ကြရန် သတိပေးတိုက်တွန်းခဲ့ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီ သက်ဆိုးရှည်ရေးအတွက် ပြည်သူ့စစ်ဖွဲ့ခြင်းဟာ ကချင်စစ်မျက်နှာပြင်မှာ တန်ဖိုးရှိတဲ့အသက်တွေကို စစ်ကောင်စီအတွက် စတေးခံရပြီး အမုန်းပွားစေဖို့သာ ဖြစ်နေပါတယ်။