ကောလင်းမြို့ ပြန်ထိန်းနိုင်ရေး တော်လှန်ရေးတပ်ဖွဲ့တွေ ကြိုးစားနေ
13 February 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရဲ့ အရေးပါတဲ့နေရာတွေကို စစ်ကောင်စီက ပြန်လည်ရရှိထားပေမဲ့ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း ပြန်လည်တိုက်ယူနေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။
ဒီကနေ့အထိ ၁၁ ရက်တာ တိုက်ပွဲအတွင်း မြို့ပေါ်က စစ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဓိကနေရာတွေဖြစ်တဲ့ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ ဆေးရုံတွေကို စစ်ကောင်စီဘက်က ပြန်လည်ရရှိထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အစွမ်းကုန်ခုခံနေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
“အဓိက နေရာတွေတော့ ပေးလိုက်ရတယ်။ ပေးလိုက်ရတယ်ဆိုပေမဲ့ ကိုယ့်ဘက်ကလည်း ပြန်တိုးပြီး အနီးကပ် မြို့တွင်းတိုက်ပွဲတွေ ဆင်နွှဲနေတယ်။”
ကောလင်းမြို့ပေါ်မှာ အခုလက်ရှိ တိုက်ပွဲငြိမ်နေပေမဲ့ စစ်ရေးကတော့ တင်းမာနေဆဲဖြစ်ကြောင်းလည်း ၎င်းရဲဘော်က ဆိုပါတယ်။
စစ်တပ်က မြို့တွင်းမှာ ပြန်လည်နေရာယူနိုင်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကောလင်းမြို့ကို ကာကွယ်ရတဲ့ ခံစစ်ကနေ မြို့တွင်းတိုက်စစ်ဖွင့်ရတဲ့ အခြေအနေကို ပြန်ရောက်သွားပြီး နှစ်ဖက်အကျဆုံးတွေလည်း ရှိနေခဲ့တယ်လို့ သိရပါတယ်။
“မြို့ကိုကာကွယ်နေရတယ်ဆိုတော့ ခံစစ်အနေနဲ့တိုက်နေရတယ်၊ အခု သူတို့ (စကစ) က မြို့ထဲ အဓိကနေရာတွေမှာ နေရာယူထားပြီဆိုတော့ မြို့တွင်းတိုက်စစ် ပြန်ဖွင့်ရတယ်ပေါ့နော်၊ စစ်ကောင်စီဘက်က အကျဆုံးတွေ အတော်လေးများပါတယ်။ ကျနော်ဘက်ကလည်း အကျဆုံးလေးတွေတော့ ရှိနေပါတယ်။”လို့ ဆိုပါတယ်။
ကောလင်းမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း ၂၀၂၃ ခုနှစ် ကုန်ရင် ကောလင်းကိုပြန်လည် သိမ်းပိုက်မယ်လို့ ကြွေးကြော်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် အခုနှစ် ဖေဖော်ဝါရီလတွင် စစ်လက်နက်၊ လူအင်အား ပြန်လည်စုစည်းပြီး ထိုးစစ်ဆင်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။