မြစ်ကြီးနားမြို့နယ်တွင်းက ဆင်ဘိုမြို့ကို KIA ထိန်းချုပ်ထား
12 February 2024 – Kachinwaves
မြစ်ကြီးနား – ဗန်းမော်ရေလမ်းကြောင်း၊ ဧရာဝတီမြစ်ဘေးတွင်တည်ရှိသည့် ဆင်ဘိုမြို့ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး မြို့ကိုထိန်းချုပ်ထားကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
ဆင်ဘိုမြို့သိမ်းစစ်ဆင်ရေးကို စတင်ခဲ့သည့် ပထမဆုံးရက် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်ပင် မြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“ပထမနေ့မှာတော့ ဆင်ဘိုမြို့မှာရှိတဲ့ ရဲစခန်းတွေကို သိမ်းပိုက်ပြီးတော့မှ စစ်တပ်ပိုင်းဆိုင်ရာ တပ်စခန်းတွေတော့ မသိမ်းရဘူးလို့ ပြောတယ်။ ဆက်တိုက်နေတာလားကတော့ တိတိကျကျမသိရဘူး။”
မြို့တွင်းပိုင်းကို KIA ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားပြီး ဆင်ဘိုမြို့အပြင်တွင်ရှိသည့် ခလရ ၁၄၁ တပ်ကို တိုက်ခိုက်နေကြောင်း သိရပြီးနောက် ဆက်သွယ်ရေး ပြတ်တောက်သွားသည့်အတွက် လက်ရှိအခြေအနေကိုမူ တိတိကျကျ မသိရှိရသေးကြောင်း ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသည့် ဆင်ဘိုမြို့သည် မြစ်ကြီးနားမြို့နယ်ထဲက မြို့ငယ်ဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ကျေးရွာမှမြို့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။