ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းသွားနိုင်မည်ဟု မျှော်လင့်ကြောင်း SSPP/SSA၊ CNF နှင့် KIO တို့မှ ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့
12 February 2024 – Kachinwaves
နွေဦးတော်လှန်ရေးတွင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေသော အချိန်ကာလဖြစ်၍ ပင်လုံကတိကဝတ်နှင့် ပင်လုံသဘောတူညီချက်များကို ဖော်ဆောင်ခြင်းဖြင့် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းသွားနိုင်မည်ဟု မျှော်လင့်ကြောင်း SSPP/SSA၊ CNF နှင့် KIO တို့မှ (၇၇) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ကြောင်း NUG က ထုတ်ပြန်သည်။
“ယနေ့ကာလတွင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေသော နွေဦးတော်လှန်ရေးအချိန်၌ စစ်အာဏာရှင် စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှကို တွန်းလှန်ချေမှုန်းကာ၊ အကောင်အထည်ဖော် ဆောင်ရန်ပျက်ကွက်ခဲ့ကြသော ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံသဘောတူညီချက်များ ကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းသွားနိုင်မည်ဟု မျှော်လင့်ပါသည်။” ဟု သဝဏ်လွှာ၌ ပါရှိသည်။
ပင်လုံစာချုပ်သည် ကိုလိုနီကာလတလျှောက်လုံး သီးခြားဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများဖြင့် တသီးတခြားစီရှိခဲ့ကြသော ကိုလိုနီနယ်မြေများက သီးခြားလွတ်လပ်ရေးရယူခြင်းမပြုဘဲ အတူတကွ လွတ်လပ်ရေးရယူကာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး များ အပြည့်အဝရှိသည့် ပြည်ထောင်စုနိုင်ငံတော်ကို အတူတကွ ထူထောင်ကြရန် ပဋိညာဉ်ပြုခဲ့ကြသော စာချုပ်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။