ဖားကန့်မြို့ လုံးခင်းကျေးရွာမှာ တိုက်ပွဲဖြစ်
12 February 2024 – Kachinwaves
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ ဒီကနေ့မနက် ၇ နာရီလောက်ကနေ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ထွက်ပေါ်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စုထဲက ကျောက်ဖျာရွာအနီးမှာ မနက် ၇ နာရီကနေ ၁၀ နာရီလောက်ထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“မနက်ကနေတော့ အသံကြားတယ်။ အခြေအနေတော့ တိတိကျကျ မသိသေးဘူး။ ခဏကတော့ ကံဆီးဘက်ကလည်း ပစ်ကူတယ်။ ဖားကန့်တပ်မကုန်းကတော့ တစ်ချက်ပဲပစ်တယ်။”
မွန်းလွဲ ၁ နာရီလောက်မှာ ကျောက်ဖျာနဲ့ နန့်တိန်းကြားက ၆ မိုင်ရွာနားကို စစ်တပ်က တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ကျောက်ဖျာရွာခံတစ်ဦးက ဆိုပါတယ်။
“ဂျက်နဲ့ဝဲပြီးကိုပစ်တာ။ နန့်တိန်းနဲ့ ၆ မိုင်ကြားထင်တယ်။ မနက်ကတည်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားနေရတာ။ ၁ စီးပဲ ၄ ခါပစ်သွားတာ”
မွန်းတည့် ၁၂ နာရီဝန်းကျင်မှာတော့ လုံးခင်းကျေးရွာ၊ မြောက်ကုန်းရပ်ကွက် အနီးတစ်ဝိုက်မှာ ပစ်ခတ်သံတွေ ပြန်လည်ထွက်ပေါ်ခဲ့သေးတယ်လို့ သိရပါတယ်။
မြောက်ကုန်းရပ်ကွက်ကို စစ်ကောင်စီစစ်ကြောင်း ဖြတ်သွားတဲ့အချိန် ခြောက်လှန့်တဲ့အနေနဲ့ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုကြသလို KPDF က မြောက်ကုန်းရပ်ကွက်ထဲက စစ်တပ်ကုန်းကို လက်နက်ကြီးနဲ့ပစ်ရာကနေ အပြန်အလှန်ပစ်ကြတယ်လို့လည်း ဆိုကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး တိတိကျကျတော့ မသိရှိရသေးပါဘူး
KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းထားတဲ့ နန့်တိန်းစခန်းကို ပြန်လည်ရယူဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA ၊ KPDF တပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး ဒီကနေ့အထိ ကျောက်ဖျာရွာနားမှာ မကြာခဏတိုက်ပွဲဖြစ်ပွားဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။