စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝန်းသိုမြို့နယ်သို့ စစ်ရှောင်လာသည့် ကလေးငယ်သေဆုံးပြီး ဒဏ်ရာရရှိသူ ၈ ဦးရှိ
11 February 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကောလင်းမြို့နယ်မှ စစ်ရှောင်လာသူ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် မြစ်ကြီးနားမှတက်လာသည့် ဂျက်ဖိုက်တာတစ်စီးဖြင့် ဝန်းသိုမြို့နယ် နမ်းခမ်းရွာဘက်သို့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကောလင်းမြို့နယ် ကျွန်းလှခုံကျေးခုံကျေးရွာမှ စစ်ဘေးရှောင်လာသူ အသက် ၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“စစ်ရေးပစ်မှတ်မဟုတ်ပဲ အရပ်သားတွေရှိတဲ့ဘက်ကိုပစ်တာ ကလေးကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ အပြင်းထန်ဒဏ်ရာရတဲ့သူက ၃ ဦးနဲ့ မစိုးရိမ်ရတဲ့သူက ည ၅ ဦးရှိတယ်။”ဟု ၎င်းဒေသခံက ဆိုသည်။
ဝန်းသိုစစ်ကောင်စီတပ်မှလည်း ဂျိုးတောင်ရွာဘက်သို့ ဟောက်ဝှစ်ဇာလက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး ဂျိုးတောင် ဈေးသစ်တန်းဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
ဟောဝှစ်ဇာ လက်နက်ကြီးကြောင့်လည်း ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိမှန်ခဲ့ပြီး ဆေးကုသရင်း သေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းအချိန်မှာပဲ ကောလင်းမြို့နယ် ချောင်းနားရွာအား တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာဖြင့် လေကြောင်းပစ်ခတ်မှုထပ်မံ ပြုလုပ်ခဲ့သေးကြောင်းလည်း သိရသည်။