KIA သိမ်းပိုက်ထားတဲ့ ဖားကန့် နန့်တိန်းစခန်းဘက် စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားနေလို့ တိုက်ပွဲဖြစ်
9 February 2024 – Kachinwaves
ဖားကန့် – ကားမိုင်းလမ်းကြောပေါ်က နန့်တိန်းစခန်းကိုပြန်လည်ရယူရန်အတွက် စစ်တပ်က ထိုးစစ်ဆင်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မနေ့က ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်အစောပိုင်းက လုံးခင်းမြို့၊ နမ့်စန်းကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးထံက သိရပါတယ်။
စစ်ကောင်စီရဲ့ PAN သတင်းမီဒီယာချန်နယ်ကလည်း မနေ့မနက် ၃ နာရီက ကျောက်ဖျာဘက်ကို စစ်ကူသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့စစ်ကြောင်းကို စစ်ကောင်စီက ဖြတ်တိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နန့်တိန်းဘက်အသွားလမ်း ကျောက်ဖျာဘက်မှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က နေရာယူထားတဲ့အတွက် အဲ့ဒီနေရာကို စစ်တပ်က မကြာခဏလက်နက်ကြီးနဲ့ လှမ်းပစ်လေ့ရှိတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်နဲ့ နီးစပ်သူထံကလည်း သိရပါတယ်။
“ကျောက်ဖျာဘက်ကို ရမ်းသမ်းပြီးပစ်နေတာ။ KPDF တွေ ထိုင်ထားကြတာ လမ်းကြောပေါ်မှာ”
ဖေဖော်ဝါရီလ ၂ ရက်နေ့က နန့်တိန်းစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ပြီးနောက် ဖားကန့်တပ်မကုန်းကနေ နန့်တိန်းကျေးရွာလမ်းကြောဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်နီးပါး ပစ်ခတ်နေခဲ့တာ ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်မှာ ၂၀၂၄ ဇန်နဝါရီ ၆ ရက်နေ့ကစပြီး KIA ဘက်က စခန်းသိမ်း ထိုးစစ်တွေဆင်နွှဲခဲ့ရာမှာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဝှေခါစခန်းကုန်းကိုရရှိခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ညမှာတော့ နန့်တိန်းတပ်စခန်းကို သိမ်းပိုက်လိုက်နိုင်တာ ဖြစ်ပါတယ်။