တော်လှန်ရေးအရှိန်အမြင့်ဆုံးနှင့် မျှော်လင့်ချက်အရှိဆုံး ကာလဖြစ်ကြောင်း၊ ၆၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ သဝဏ်လွှာပေးပို့
5 February 2024 – Kachinwaves
မြန်မာ့နွေးဦးတော်လှန်ရေးသည် ဖြစ်ပေါ်ခဲ့သမျှ တော်လှန်ရေးလှိုင်းများထဲမှ အင်အားအကြီးဆုံးဖြစ်၍ စစ်ကောင်စီအလွန် နိုင်ငံကို ငြိမ်းချမ်းစွာ အမြန်ပြန်လည် တည်ဆောက်နိုင်ရေးသည် နိုင်ငံသားအားလုံး၏ အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်ကြောင်း ယနေ့ကျရောက်သော KIA တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ဖြစ်သည့် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်း၌ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြားလိုက်သည်။
ထို့ကြောင့် စစ်ကောင်စီကို တော်လှန်နေကြသည့် အဖွဲ့အစည်းတို့က အမြင်သဘောထားများအား ဆွေးနွေးညှိနှိုင်း သဘောတူညီမှုရရှိထားကြရန် မဖြစ်မနေလိုအပ်ချက်ဖြစ်ပြီး၊ ထိုသို့ သဘောတူညီမှု မရရှိထားနိုင်လျှင် အချင်းချင်းကြား ပြဿနာများ ပေါ်ပေါက်လာနိုင်သည်ကို သတိထားကြရန်လိုအပ်ကြောင်း KIO ဥက္ကဌ၏ မိန့်ခွန်း၌ ပါရှိသည်။
သို့ဖြစ်၍ KIO သည် စစ်ကောင်စီအား အတူတကွ တော်လှန်တိုက်ခိုက်နေသည့် ပူးပေါင်းအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်နေသည့်အပြင် အခြားတော်လှန်ရေးအဖွဲ့များနှင့်လည်း လိုအပ်လာလျှင် ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
စစ်ကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးချပြီး ၎င်း၏ အာဏာတည်မြဲရေးအတွက် ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်ခြင်း မပြုကြရန် ဗိုလ်ချုပ်ကြီး အင်ဘန်လ က တိုက်တွန်းလိုက်သည်။
ထို့အပြင် စစ်ကောင်စီသည် ၎င်း၏ စစ်အင်အားဖြည့်တင်းလို၍ လူမျိုးကိုအခြေပြု၍ သော်လည်းကောင်း၊ ဒေသကိုအခြေပြု၍ သော်လည်းကောင်း ပြည်သူ့စစ်အဖွဲ့များအား အတင်းအဓမ္မဖွဲ့စည်းလာနေသည်ကို တွေ့ရပြီး၊ ကချင်လူမျိုးများနှင့် ကချင်ပြည်နယ်သားများ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြရန် ဗိုလ်ချုပ်ကြီး အင်ဘန်လ က သတိပေးပြောကြားလိုက်သည်။ စစ်ကောင်စီ ၏ ပြည်သူ့စစ်ဖွဲ့စည်းခြင်းသည် တိုင်းရင်းသားမျိုးနွယ်စုများ အချင်းချင်းနှင့် ဒေသခံပြည်သူလူထုအချင်းချင်းကြား သွေးခွဲသပ်လျှိုပေးရန် ကြံရွယ်သည့် လုပ်ရပ်လည်းဖြစ်သည်ဟု ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် မြန်မာ့နွေဦးတော်လှန်ရေးလှိုင်းတို့၏ ပူးပေါင်းအားကြောင့် စစ်ကောင်စီကို တွန်းလှန်ပစ်နိုင်သည့် အခင်းအကျင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း တိုင်းရင်းသားလူမျိုးများကြား၊ အဖွဲ့အစည်းများကြား ဆွေးနွေးညှိနှိုင်းယူကြရမည့် ကိစ္စများလည်း ရှိနေသေးသည်ကို သတိထားကြရန်လိုအပ်ကြောင်း မိန့်ခွန်း၌ ပါရှိသည်။ အဆိုပါ အကြောင်းအရာ ကိစ္စများအား ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာ ပြေလည်နိုင်မှသာ ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း KIO ဥက္ကဌ က သတိပေးတိုက်တွန်းလိုက်သည်။
အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုကြားဟုဆိုရာတွင် အထူးသဖြင့် လက်နက်ကိုင် တိုင်းရင်းသား လူမျိုးများကြား တော်လှန်ရေးကာလ၌ အခြေပြုနယ်မြေကိုလိုက်၍ဖြစ်စေ၊ နိုင်ငံရေး ရည်ရွယ်ချက်ပန်းတိုင်ကြောင့်ဖြစ်စေ၊ နယ်မြေနှင့်နှင့်ပတ်သက်၍ ရှုပ်ထွေးနေမှုများ ရှိနေသည်ဟု ဆိုသည်။ KIO အနေဖြင့် ယင်း ပြဿနာများအား ဆွေးနွေးဖြေရှင်းရာတွင် အတူတကွယှဉ်တွဲနေထိုင်သည့် ညီအစ်ကိုဆွေမျိုးဆက်ဆံရေးကို ခိုင်မာစေပြီး၊ သမိုင်းကြောင်းကို အခြေပြုကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မိန့်ခွန်း၌ ပါရှိသည်။
လက်ရှိကာလတွင် KIO သည် မိမိနှင့်သဘောထားတူ ရန်ဘက်တူသည့် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ပြောင်းလဲရန် လိုလားသည့် အဖွဲ့အစည်းများနှင့် အတူလက်တွဲကာ စစ်ကောင်စီ အား စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး စသည့် နည်းလမ်းအသွယ်သွယ်ဖြင့် တော်လှန်နေကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် KIO အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ စိုးရိမ်မှုနှင့် အကျိုးစီးပွားများကိုလည်း ထည့်တွက်စဉ်းစားပြီး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေကြသော KIA တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့ဝင်တို့အား ဂုဏ်ပြုချီးကျူးကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် ဂုဏ်သိက္ခာရှိရှိ ရဲစွမ်းသတ္တိရှိရှိဖြင့် အသက်ပေးသွားကြသော ရဲဘော်ရဲဘက် သူရဲကောင်းများအား အလေးပြုဂုဏ်ယူကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လ က မိန့်ခွန်းပြောကြားခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ခုနှစ် ဖေေဖါ်ဝါရီ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။