စကစ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်မှုရှိ၊ ကောလင်းမြို့ကို စစ်ကြောင်းထိုးရန် လေကြောင်းသုံးပြီး နယ်မြေရှင်းလင်းမှုလုပ်သည်ဟုဆို
1 February 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အား စစ်ကောင်စီတပ်များမှ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လေကြောင်းဖြင့် ၅ ကြိမ်တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်များပျက်စီးကာ ပြည်သူများလည်း ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
ဗုံးကြဲခံရသည့် ဒေသများတွင် အင်တာနက်လိုင်း ပြတ်တောက်နေကြောင်း သိရသည်။
နံနက်ပိုင်း ၁၁ နာရီအချိန်တွင် ကိုးတောင်ဘို့တိုက်နယ်ရှိ ဇော်ချောင်းရွာနှင့်သင်တောရွာအား တံတားဦးတက် ဂျက်ဖိုက်တာတစ်စီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရဟန်းတစ်ပါးအပါအဝင် ပြည်သူ ၁၀ ဦးခန့် အပြင်းအထန် ထိခိုက်ခဲ့သည်ဟု ကန့်ဘလူဒေသမှာနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
နံနက် ၁၁ နာရီခွဲ၊ မွန်းလွဲ ၂ နာရီနှင့် ညနေ ၄ နာရီခွဲအချိန်များတွင်လည်း ပင့်သာတိုက်နယ်အတွင်းရှိ ပင့်သာရွာ၊ မန်ကျီးကုန်းရွာ၊ ညောင်ကုန်ရွာနှင့် အင်းမရွာတို့အား တံတားဦးတက် ဂျက်ဖိုက်တာဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး မကျီးကုန်းရွာမှ နေအိမ် ၅ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ထပ်မံသိရသည်။
ညနေ ၄ နာရီအချိန်ခန့်တွင်လည်း ချပ်တင်းတိုက်နယ်ရှိ ဇီးကုန်းရွာအား ဂျက်ဖိုက်တာတစ်စီးဖြင့် ထပ်မံပစ်ခတ်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့ကြောင်း ကန့်ဘလူဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။
စစ်ကောင်စီလေကြောင်း တိုက်ခိုက်ခဲ့သည့်နေရာတွင် ဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက် ဒဏ်ရာရရှိသူပြည်သူများ၏ သတင်းအတိကျသိဖို့ရန် ခက်ခဲနေကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်များသည် ကောလင်းဘက်သို့သွားရန် သတင်းများထွက်ပေါ်နေပြီး ၎င်းနေရာသို့သွားရန် လေကြောင်းဖြင့် တိုက်ခိုက်ပြီး လမ်းကြောင်းရှင်းနေခြင်း ဖြစ်နိုင်သည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“အရင်က မြေပြင်က စစ်ကြောင်းထိုးတာ ချပ်ကုန်းတိုက်ပွဲမှာ စခတွေ အထိနာထားတော့ မသွားရဲတာ ဖြစ်နိုင်တယ်။”ဟု ဆိုသည်။
စစ်ကောင်စီတပ်များသည် ကောလင်းခရိုင် ဝန်းသိုတပ်ရင်းသို့ Mi-17 ဖြင့် ၄ ကြိမ်ဆင်းကာ စစ်သားနှင့် လက်နက်အပြည့်အစုံချထားပြီး ကိုးတောင်ဘို့ စစ်ကောင်စီအထိုင်စခန်းကိုလည်း ၇ ကြိမ်ဆင်းပြီး စစ်သားနှင့် လက်နက်ပစ္စည်း အပြည့်အစုံထပ်ချထားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထားသည့် ကောလင်းမြို့အား စစ်ကောင်စီအင်အား ၅၀၀ ခန့်ဖြင့် နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်းလည်း သိရသည်။