ပြည်သူ့တော်လှန်ရေး ၃ နှစ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဘာပြောခဲ့သလဲ
မိန့်ခွန်းနှင့် ထုတ်ပြန်ချက်များ။
1 February 2024 – Kachinwaves
စစ်အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များနှင့် ခေါင်းဆောင်များ၏ မိန့်ခွန်းများမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။
လက်ရှိစစ်အာဏာရှင် တော်လှန်ရေးတွင် ပါဝင်နေသော အစဉ်အလာရှိသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တစ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် မိန့်ခွန်းများဖြစ်သည့်အတွက် ကောက်နုတ်ဖော်ပြရခြင်း ဖြစ်ပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့ (အာဏာသိမ်းမှုနှင့်ပတ်သက်၍ ပထမဆုံး ထုတ်ပြန်သည့် ထုတ်ပြန်ချက်)
အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်ချက်များအားလုံးကို ကြိုဆိုသည်။
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၄ ရက်နေ့ (ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် နိုင်ငံရေးပြဿနာကြောင့် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်)
မြန်မာနိုင်ငံသည် အာဏာသိမ်းနောက်ပိုင်း ပိုမိုခက်ခဲကြပ်တည်းလာပြီး တော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ အားလုံးအတွက် နိုင်ငံရေးပြဿနာဖြေရှင်းရန် လမ်းကြောင်းအားလုံး ပိတ်ဆို့အကျပ်အတည်း ဆိုက်နေသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့ (KIO တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ မိန့်ခွန်း)
အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရန် ဆုံးဖြတ်ထားသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲချိတ်ဆက်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမည်။ လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် အခွင့်အရေးကောင်းဖြစ်ပြီး ယခုအချိန် မချေမှုန်းနှိင်ပါက နောင်တွင် ပိုမိုခက်ခဲသွားမည်။
စစ်အာဏာသိမ်းပြီးနောက် ဗမာတိုင်းရင်းများသာမက မြန်မာနိုင်ငံသားများအားလုံးသည် စစ်အာဏာရှင်စနစ်နှင့် ပါတီအာဏာရှင်စနစ်များကို ဆန့်ကျင်တော်လှန်လာကြပြီဖြစ်ပြီး တောင်တန်းဒေသ တိုင်းရင်းသာလူမျိုးများ ဘာကြောင့်တော်လှန်ရေး ဆင်နွှဲနေရသည့် အကြောင်းရင်းများကိုလည်း နားလည်းသဘောပေါက်လာကြပြီ။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ (နှစ်သစ်ကူးမိန့်ခွန်း)
စစ်ကောင်စီသည် အထီးကျန်အဖွဲ့အစည်းတစ်ခုလိုဖြစ်နေပြီဖြစ်ကြောင်းနှင့် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးကိုလည်း ချီးကျူးဂုဏ်ပြုသည်။ တောင်တန်းဒေသ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် မြေပြန့်ဒေသမှ တိုင်းရင်းသားပြည်သူများ စစ်ကောင်စီကိုအတူတကွ ခုခံတိုက်ခိုက်နေကြခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းသစ် ပေါ်ပေါက်လာရန်အတွက် အလားအလာကောင်း ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့ (ထုတ်ပြန်ချက်)
KIO ဗဟိုကော်မတီသည် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသော အခက်အခဲများကို ကျော်လွှာနိုင်ရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းအားလုံးနှင့်အတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည်။
၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၅ ရက်နေ့ (ကချင့်တော်လှန်ရေးနေ့ မိန့်ခွန်း)
စစ်အာဏာရှင်၏ ပေးကမ်းမှုကြောင့် ရရှိနေသည့် အခွင့်အရေးများသည် ရေရှည်မခံနိုင်ကြောင်းကို အားလုံးနားလည်သိရှိပြီးဖြစ်ကာ နောက်နောင်၌ နောင်တရသည့်အချိန်တွင် အချိန်နှောင်းသွားမည်။
ယခုအခါ အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရန် အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့များသည် ရဲဘော်ရဲဘက်များဖြစ်ကြပြီး အားရဝမ်းသာဖြစ်မိကြောင်း၊ သို့သော် အကြမ်းဖက် အာဏာရှင်စနစ်ကို တော်လှန်ချေမှုန်းနေသော အဖွဲ့အစည်းများအားလုံးသည် NUG အစိုးရကို ဝန်းရံရန်လိုအပ်မည်ဖြစ်ပြီး ထိုသို့မဟုတ်လျှင် ရေရှည်တွင် ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ (NUG အစိုးရမှဦးစီးကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့ခဲ့သည့် KIO ဗဟိုကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီးဂွန်ထန်ဂမ်ရှောင် ၏ ဗီဒီယိုမိန့်ခွန်း)
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းချက်တူညီသော တော်လှန်ရေးအင်အားစုများ ပူးပေါင်းလာရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်ထားရှိရန် လိုအပ်သည်။
“ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟာ အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ရည်မှန်းချက်ပန်းတိုင်ချမှတ်ကာ ကြိုးပမ်းနေကြတဲ့ အစုအဖွဲ့များအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၀ (ကချင့်အာဇာနည်နေ့မိန့်ခွန်း)
စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ သွားရောက်တွေ့ဆုံဆွေးနွေးခြင်းသည် စစ်အာဏာရှင်စနစ်ကို အသိအမှတ်ပြုပေးခြင်းသာ သက်ရောက်သွားမည်။
ပြည်သူလူထုအနေဖြင့် မှန်ကန်သော နိုင်ငံရေးအမြင်နှင့် ဖြစ်လာနိုင်သော ပြဿာနာများကို ရှောင်လွှဲသွားနိုင်အောင် သတိထားဆောင်ရွက်သွားရန် တိုက်တွန်းခဲ့သည်။ နိုင်ငံရေးရှုပ်ထွေနေသည့် ကြားလာကာတွင် နောက်နှောင် ခွင့်မလွတ်နိုင်မည့် အမှားမျိုး မကျူးလွန်မိရန် သတိထားရမည်။ နိုင်ငံရေးမှာ ကြားနေသူမရှိရ၊ ရန်သူနှင့် ပူးပေါင်းဆောင်ရွက်သူများမရှိအောင် ပြည်သူအချင်းချင်း နှိုးဆော်အသိပေးတိုက်တွန်းကြပါ။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅ (KIO တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ မိန့်ခွန်း)
မကြာမီကာလအတွင်း ကေအိုင်အို ဗဟိုကော်မတီသည် နိုင်ငံရေးအရွေ့တစ်ခုသို့ ဖော်ဆောင်သွားမည်ဖြစ်၍ ၎င်းနိုင်ငံရေးအရွေ့ဖော်ဆောင်မှုတွင် ကေအိုင်အို ပါတီဝင်များ၊ ပြည်သူများနှင့် ကေအိုင်အို ဝန်ထမ်းများအားလုံး အားသွန်ခွန်စိုက် ပါဝင်သွားကြရန် တိုက်တွန်းခဲ့သည်။
စစ်အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး၌ ရှုပ်ထွေးကြပ်တည်းသွားသည့် အခင်းအကျင်းသို့ ဆိုက်ရောက်သွားပြီး ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့နေရသော်လည်း အခြားတစ်ဖက်၌ ထွက်ရှိလာသော အဖြေတစ်ခုမှာ အာဏာရှင်စနစ်ကို ချေမှုန်းတိုက်ဖျက်ပစ်ရမည်ဆိုသည့် အချက်ဖြစ်ပြီး ၎င်းလုပ်ဆောင်ချက်တွင် KIO လည်း ဖြစ်နိုင်သော နည်းလမ်းများဖြင့် ပါဝင်ရမည်။ တာဝန်ယူရမည်။ ဦးဆောင်ရမည်။ ထိုသို့ လုပ်ဆောင်မှသာ မိမိတို့လိုလားသော အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်သွားနိုင်မည့် အခင်းအကျင်းဖြစ်ပေါ်လာမည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ (နှစ်သစ်ကူးမွန့်ခွန်း)
ဗမာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို စွဲကိုင်ထားသောစစ်တပ်သည် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ ရန်သူသက်သက်သာ မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံး၏ ရန်သူဖြစ်ကြောင်း ပြတ်ပြတ်သားသား သတ်မှတ်ပြီး ရန်သူကိုရန်သူလို တိုက်ခိုက်ချေမှုန်းရမည်။
ပြည်သူတစ်ရပ်လုံး တော်လှန်ဆင်နွှဲသော တော်လှန်ရေးကို တောင့်ခံရပ်တည်နိုင်သည့် အစိုးရနှင့် စစ်တပ်ဟူ၍ မရှိသည်ကို နားလည်ထားရမည်။ ပြည်သူလူထုကို သတ်ဖြတ်နေသည့် အဖွဲ့အစည်း၌ ရွေးကောက်ပွဲကျင်းပခွင့် လုံးဝ မရှိ။
စစ်ကောင်စီကို ရဲရင့်ပြတ်သားစွာ တော်လှန်နေသည့် ပြည်သူလူထုနှင့် တော်လှန်ရေးအဖွဲ့အစည်းများအား အိမ်နီးနားချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အားပေးကူညီထောက်ပံ့ရန် အရေးတကြီးလိုအပ်နေသည့် အချိန်အခါရောက်နေပြီဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့ (နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် လူထုဟောပြောပွဲသို့ KIO ပေးပို့သည့် သဝဏ်လွှာ)
လွတ်လပ်တရားမျှတသော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အပြည့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တောင်ပေါ်မြေပြန့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး စုစည်းညီညွတ်စွာ ရဲရဲရင့်ရင့် ခရီးဆက်ကြရန်၊ နွေဦးတော်လှန်ရေးမှာ ဦးဆောင်သူတွေ၊ ရှေ့တန်းမှာ မကြောက်မရွံ့ ရပ်တည်ခဲ့ကြသော ပြည်သူများ၊ ရဲရင့်သော မျိုးဆက်သစ်လူငယ် Generation Z များ၊ အသက်သွေးချွေးပေးဆပ်ခဲ့ကြသော သူရဲကောင်းတို့ကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပါရှိသည်။
၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၅ ရက်နေ့ (ကချင့်တော်လှန်ရေးနေ့ မိန့်ခွန်း)
“စစ်မှန်တဲ့ ပြည်ထောင်စုကို အခွင့်အရေးတန်းတူရရှိတဲ့ ပြည်နယ်တွေ၊ Federal Unit တွေနဲ့ ဖွဲ့စည်းထားရမယ်။ လူဦးရေများတဲ့ လူမျိုးဖြစ်ခြင်းကြောင့် အခွင့်အရေး အသာစီးယူလို့ မရပါ။ လူဦးရေများတာ ဖြစ်ပေမဲ့ ဗမာလူမျိုးတွေအတွက် ပြည်နယ်သတ်မှတ်ပေးရမယ်။ တခြားပြည်နယ်တွေနဲ့ ဖက်ဒရယ်ယူနစ်တွေထက်ပိုတဲ့ အခွင့်အရေးကို အသာစီးလုယူလို့ မရပါ။ ဒီ (တန်းတူရေး) နည်းလမ်းနဲ့သာ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်မယ်ဖြစ်ပြီး နိုင်ငံရေး ပြဿနာကို ဖြေရှင်းယူလို့ရမယ့် လမ်းကြောင်း ဖြစ်တယ်။ သို့သော် ပြဿနာကို ဖြေရှင်းတဲ့အခါ အဖွဲ့အစည်းတစ်ခုကိုသာ ရှေ့တန်းတင်ဦးဆောင်ခွင့်ပေးတာမျိုး မပြုလုပ်သင့်ပါ။”
လက်ရှိအခြေအနေသည် စစ်ကောင်စီကို ဘုံရန်သူအဖြစ် စစ်မျက်နှာဖွင့်ကာ ဝိုင်းဝန်းတော်လှန်နေကြသော်လည်း လက်ဝါးကြီးအုပ်လိုသော လူမျိုးကြီးစိတ်ဓါတ်များ လက်မလွတ်နိုင်သေးလျှင် အမျိုးသားတော်လှန်ရေးလည်း နှစ်ကြာရှည်လာနိုင်သည်ဟု ပါရှိသည်။
ယခုလို စစ်ကောင်စီ အကြပ်အတည်းဆိုက်နေသည့်အချိန်တွင် ပြည်သူတရပ်လုံးနှင့် တော်လှန်ရေးအင်အားစုများ အားလုံးက စုစည်းအင်အားဖြင့် ရန်သူလုပ်ဆောင်မည့် အစီအစဉ်များ အထမမြောက်ပျက်စီးသွားအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယခုလို အခွင့်အခါကောင်း ဖြစ်ပေါ်နေသည့်အချိန်မှာ တုံ့ဆုတ်နှောင့်နှေးနေလျှင် နောက်နောင်မှာ ပိုမိုခက်ခဲလာမည်။
စုစည်းခြင်းမရှိဘဲ တစ်ဦးတစ်ဖွဲ့တည်း လှုပ်ရှားဆောင်ရွက်နေခြင်းဖြင့် ရန်သူကို အနိုင်မရနိုင်ကြောင်း နားလည်ထားရမည်။
၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်နေ့ (ကချင့်အာဇာနည်နေ့ မိန့်ခွန်း)
စစ်ကောင်စီကို မြန်မာပြည်သူအားလုံးက ခုခံတော်လှန်နေကြပြီး လူဦးရေပိုများသော ဗမာပြည်သူများကိုယ်တိုင် လက်နက်ကိုင်အဖွဲ့အစည်းများ ဖွဲ့စည်းကာ မရပ်မနား တော်လှန်တိုက်ပွဲဝင်နေကြပြီဖြစ်သလို KIO ကလည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ၍ တော်လှန်နေသည်။
စစ်ကောင်စီသည် ယခုလို ကျဉ်းထဲကြပ်ထဲရောက်နေပြီး အခက်တွေ့ကာ ကျဆုံးလာနေစဉ် အဖွဲ့အစည်းအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့၏ စစ်ကောင်စီကို ထောက်ခံအားပေးသည့် လှုပ်ရှားမှုများကြောင့် ထွက်ပေါက်ရကာ ပြန်လည်နလန်ထူသွားနိုင်သည့် အခြေအနေ ဖြစ်လာနိုင်သည်ကိုလည်း နှိုးကြားသတိထားနေရမည်ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့ (KIO တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ မိန့်ခွန်း)
လက်ရှိကာလတွင် သန်းခေါင်းစာရင်းကောက်ယူပြီး ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကောင်စီ၏ ပြောဆိုနေမှုသည် မှန်ကန်သည့် လုပ်ဆောင်မှုမဟုတ်သလို နိုင်ငံ၏ အကြပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်သည့်အတွက် ပြည်သူများ ပါဝင်ထောက်ခံအားပေးခြင်း မပြုကြရန် တိုက်တွန်းခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ (နှစ်သစ်ကူးမိန့်ခွန်း)
တော်လှန်ရေးအင်အားစုများ၏ တိုးတက်အောင်မြင်မှုသည် ၂၀၂၃ ခုနှစ်အတွင်း ထူးခြားပြောင်မြောက်သည့် ရလဒ်များရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်သည်။
တစ်နိုင်ငံလုံးနေရာဒေသအနှံ့မှာ တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ တက်ညီလက်ညီ ခုခံတော်လှန်မှုကြောင့် စစ်ကောင်စီခံနိုင်ရည်စွမ်း မရှိတော့ဘဲ၊ စစ်ရှုံးနေသည်ကို တွေ့မြင်နေရသည်။
အဆုံးသတ်အောင်ပွဲခံနိုင်ရန် တော်လှန်ရေးအင်အားစု အချင်းချင်း အပြန်အလှန်နားလည်မှုထားပြီး အဓိကဘုံရန်သူကို အားစိုက်တော်လှန်ကြရန် တိုက်တွန်းခဲ့သည်။