ပုလဲနယ် လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူနှင့် လူနေအိမ် ထိခိုက်မှုရှိ၊ BNRA ဆေးတပ်သား အမျိုးသမီးတစ်ဦး ကျဆုံး
31 January 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံကြီးရွာအား စစ်ကောင်စီမှ လေကြောင်းဖြင့် အကြောင်းမဲ့ တိုက်ခိုက်ခဲ့ပြီး နေအိမ်များပျက်စီကာ ပြည်သူများထိခိုက်ပြီး အိမ်မွေးတိရိစ္ဆာန်လည်း သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် တံတားဦးမှတက်သော A 5 ဂျက်ဖိုက်တာတိုက်လေယာဉ်တစ်စီးဖြင့် ကြဲချခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“၃ ကြိမ်လောက်ဝဲပြီ ၃ လုံးကြဲတာ ၂ လုံးက ဘုန်းကြီးကျောင်းအရှေ့ဘက်ကိုကျတာ ထိခိုက်မှုမရှိဘူး။ ၁ လုံး ဘုန်းကြီးကျောင်းမြောက်ဘက် မန်ကျည်းပင်ပေါ်ကျတာ ထိခိုက်မှုရှိတယ်။”ဟု ၎င်းက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅ လုံးထိခိုက်ပြီး ၁ လုံးမီးလောင်ကာ နွားလေးကောင် သေဆုံးကြောင်း ဒေသခံ ပြည်သူတစ်ဦးထံမှ သိရသည်။
ပြည်သူ ၅ ဦးလည်း ဒဏ်ရာရရှိပြီး အမျိုးသမီးနှစ်ဦးမှာ ပြင်ထန်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေကြောင်း ၎င်းပြည်သူက ဆက်ပြောသည်။
လေယာဉ်ဗုံးကြောင့် ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) မှ ဆေးတပ်သား အမျိုးသမီးတစ်ဦး ကျဆုံးခဲ့ပြီး နောက်ထပ်နှစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုအပြီး ၎င်းရွာရှိပြည်သူများ နေအိမ်သို့မပြန်ရဲဘဲ စစ်ရှောင်နေကြကြောင်းလည်း သိရသည်။